ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမများ၌ slow down များနှင့် ယာဉ်အသွားအလာကိုကန့်သတ်သည့် အတားအဆီးများပြုလုပ်ခွင့်မရှိကြောင်း၊ ပြုလုပ်မည်ဆိုပါက ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှသာ စစ်ဆေးဆုံးဖြတ်ကြောင်းရန်ကုန်မြို့တော်ဝန်ပြောကြား

0

Full article

Photo credit : Yangon hluttaw

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာအသုံးပြုနေသော လမ်းမကြီးများတွင် slow down များ၊ ယာဉ်အသွားအလာကိုကန့်သတ်သည့် အတားအဆီးများပြုလုပ်ခွင့်မရှိကြောင်း၊ လမ်းမကြီးမဟုတ်သော လမ်းများတွင် slow down  ပြုလုပ်ခွင့်ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှ စစ်ဆေးဆုံးဖြတ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးမှ ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသွားလာနေသောလမ်းမများပေါ်တွင် slow down များ၊ ယာဉ်အသွားအလာကန့်သတ်ရန် အတားအဆီးများ ပြုလုပ်ခွင့်မရှိကြောင်း၊ လမ်းမကြီးများတွင် မော်တော်ယာဉ်များ အရှိန်လျှော့မောင်းနှင်ရန်အတွက် အရှိန်ထိန်းမျဉ်းဝါများ (speed regulation strips) ရေးဆွဲပေးခြင်း၊ အရှိန်ထိန်းမီးဝါများ တပ်ဆင်ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းမကြီးမဟုတ်သော လမ်းများတွင် slow down ပြုလုပ်ခွင့်ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှ စစ်ဆေးဆုံးဖြတ်ကြောင်း၊ လမ်းသွယ်များအတွင်း လိုအပ်သည့်နေရာများကို လိုအပ်သလိုဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ကွက်များအတွင်းရှိ လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အရှိန်လျှော့မျဉ်းကြားများတောင်းခံလာပါက ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှစစ်ဆေးပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ (Cabinet) တွင် တင်ပြကာ လိုအပ်ချက်များကိုတည်ဆောက်ပေးနေကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးမှ ပြောကြားခဲ့သည်။


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဿမအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူအသုံးပြုနေသည့်လမ်းများပေါ်တွင် လိုအပ်ချက်အရ slow down များ၊ ယာဉ်အသွားအလာကို ကန့်သတ်ရန် အတားအဆီးများကို ပြုလုပ်ခွင့် ရှိ/မရှိ နှင့် ရပ်ကွက်များအတွင်းရှိလမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အရှိန်လျှော့မျဉ်းကြားများတင်ပြတောင်းခံလာပါက ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ ဟူသော မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


Slow Down တွင် ရာဘာ culvert နှင့် ကွန်ကရစ် culvert ဟူ၍ နှစ်မျိုးရှိပြီး ရာဘာ culvert တွင် အမြင့် ၂ လက်မ၊ အကျယ် ၃ လက်မ၊ စောင်းအချိုး ၃၀ ဒီဂရီ သတ်မှတ်ထားပြီး၊ ကွန်ကရစ် culvert တွင် အမြင့် ၃ လက်မခွဲ၊ အကျယ် ၁၈ လက်မ၊ စောင်းအချိုး ၃၀ ဒီဂရီ ဟုသတ်မှတ်ထားကာ တစ်ခုနှင့်တစ်ခု အကွာအဝေးကို သတ်မှတ်ထားမှု မရှိကြောင်းသိရသည်။

Author