ရန်ကုန် - မန္တလေး အစုန်အဆန်ရထား စက်တင်ဘာ ၁ ရက်တွင် စတင်၍ ပြန်လည် ပြေးဆွဲပေးသွားမည်

0

Full article

ရန်ကုန် – မန္တလေး ပြေးဆွဲပေးနေသော ၁၁ ဆန် ၊၁၂ အစုန် ခရီးသည်တင်ရထား စက်တင်ဘာ ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးကသိရပါသည်။

ရန်ကုန်-မန္တလေးလမ်းပိုင်း ကုန်းကြီးဘူတာနှင့်ဆွာဘူတာကြား၌ သြဂုတ် ၂၉ ရက်တွင် ရထားလမ်းပေါ်သို့ ရေကျော်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉ဝ/ ၁၈-၂၄ကြား၌ တာဘောင်ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ရပြီး ရန်ကုန် – နေပြည်တော် – မန္တလေး ရထားခရီးစဉ် အားခတ္တရပ်ဆိုင်းထားရာမှ လာမည့် စက်တင်ဘာ ၁ ရက်မှ စ၍ ရန်ကုန် မှ ရေတာရှည်ထိသာပြေးဆွဲပေး မည်ဖြစ်ပြီး ထိုမှတဆင့်ခရီးသည်များကို ကားဖြင့်ဆွာဘူတာအထိ ပို့ဆောင်ပေးကာ မန္တလေးဘက်သို့သွားသည့် ရထားဖြင့်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

"ရန်ကုန်-မန္တလေးလမ်းပိုင်းရထားကတော့ ရန်ကုန်- မန္တလေးရထားကို ၁ အဆန်၊ ၁၂ အစုန်ရထားကိုတော့ စက်တင်ဘာ ၁ ရက်ကစပြီး ပြေးဆွဲပေးသွားပါမယ်။ ရထားလမ်းပျက်စီးနေတဲ့အပိုင်းကိုလည်း အမြန်ဆုံးပြင်ဆင်သွားမှာပါ။ အခုလက်ရှိတော့ ရေတာရှည်နဲ့ ဆွာအထိလာပြီးတော့ ဆွာနဲ့ရေတာရှည်ကိုကားနဲ့ကူးပြောင်းပြီးတော့ လုပ်ဆောင် ပေးသွားမှာပါ ။ မန္တလေးက လာတဲ့ ရထားက ဆွာမှာရပ် ရန်ကုန်ကလာတဲ့ရထားက ရေတာရှည်မှာရပ် အဲ့လိုမျိုးနဲ့ ပြေးဆွဲပေးသွားမှာပါ " ဟု မြန်မာ့မီးရထား (နေပြည်တော်)တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်-ပုဂံလမ်းပိုင်း လှေဝန်း- ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂ဝကြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သဲမြေများဖုံးလွှမ်းသွားသဖြင့် လမ်းပိတ်ခဲ့ရပြီး သြဂုတ် ၂၉ ရက်က အမှတ်၆၁အဆန် ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ်၆၂ ပုဂံ-ရန်ကုန်အမြန်ရထားကို ရပ်နားထားခဲ့ရာ သြဂုတ် ၃ဝရက်၌ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ကို်လည်း မြန်မာ့မီးရထားနေပြည်တော်က သိရသည်။

ရန်ကုန် – မန္တလေး ခရီးသည်တင်အမြန်ရထားစီးရေ ၈ စီးပြေးဆွဲနေရာ ရန်ကုန်- နေပြည်တော် ခရီးသည်တင်ရထားစီးရေ ၂စီးဖြင့်ပုံမှန်ပြေးဆွဲပေးနေလျက်ရှိပြီး လက်ရှိအချိန်တွင်ရန်ကုန် – မန္တလေး လမ်းပိုင်းကို JICA အကူအညီဖြင့် မကြာခင် ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Author