ရန်ကုန်-မန္တလေး အမြန်လမ်းကို အသုံးပြုလျက်ပြေးဆွဲနေသော ခရီးသည်တင် Express ယာဉ်များပြေးဆွဲမှုကို ဧပြီလ (၇) ရက်နေ့မှစ၍ ရပ်နား

0

Full article

ရန်ကုန်-မန္တလေး အမြန်လမ်းကို အသုံးပြုလျက်ပြေးဆွဲနေသော ခရီးသည်တင် Express ယာဉ်များပြေးဆွဲမှုကို ဧပြီလ (၇) ရက်နေ့မှစ၍ ရပ်နားထားရှိမည်ဖြစ်သည့်အတွက် အမြန်လမ်းမကြီးတွင် ယာဉ်များသွားလာမှု နည်းပါးပြတ်တောက်သွားမည်ဖြစ်ပြီး အမြန်လမ်းမကြီးတွင်ခရီးသွားလာမည့် အိမ်စီးယာဉ်ငယ်များအား အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲစခန်းနှင့် ရဲကင်းများတွင်သာရပ်နားကြပါရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထုတ်ပြန်ချက်အရသိရသည်။


“ဒါ မန္တလေးတိုင်းဒေသကြီးကနေ ဆောင်ရွက်တဲ့ကိစ္စပါ။ မန္တလေးတိုင်းကနေ ကန့်သတ်တယ်ဆိုတော့ အမြန်လမ်းကနေ အသွားအလာမရှိသလောက်ဖြစ်သွားတာပေါ့။ ဧပြီလ ၇ ရက်နေ့ကစပါမယ်။ ဘယ်နေ့အထိဆိုတဲ့ ကန့်သတ်ရက်တော့မရှိသေးပါဘူး။”
ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့  (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကလည်း

“ဒါကျွန်တော်တို့ဖက်က ရပ်နားတာမဟုတ်ပါဘူး။ မန္တလေးမှာ ည ၁၂ ကျော်ရင် မဝင်ရလို့ ထုတ်ပြန်လိုက်တဲ့အတွက်ခရီးသည် သွားလာမှုမရှိသလောက်ဖြစ်သွားတဲ့အတွက်ပါ။ ကြိုတင်ဝယ်ထားတဲ့ လက်မှတ်တွေတောင် ငွေပြန်ထုတ်နေကြတော့ ခရီးသည်သွားလာမှုမရှိတော့တဲ့အတွက်ပါ။”
ဟု ပြောကြားခဲ့သည်။

ထိုသို့ ခရီးသည်တင်ယာဉ်များ သွားလာမှုမရှိတော့သည့်အတွက် အမြန်လမ်းမကြီးတစ်လျှောက် သွားလာမှုနည်းပါးပြတ်တောက်သွားမည်ဖြစ်သောကြောင့် ခရီးသွားမည့် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များအနေဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ခေတ္တရပ်နားလိုပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရဲစခန်းများနှင့် ရဲကင်းများတွင်သာ ရပ်နားကြပါရန် အသိပေးပန်ကြားထားကြောင်းသိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ရဲတပ်ဖွဲ့စခန်းများသည် ပျမ်းမျှ မိုင် (၂၀) အကွာတွင်၎င်း၊ ရဲကင်းများသည် ပျမ်းမျှ (၅) မိုင်အကွာတွင်၎င်း တည်ရှိပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ ၀၉- ၄၂၀ ၈၈၈၈ ၀၁ မှ ၀၉- ၄၂၀ ၈၈၈၈ ၇၀ အထိ နံပါတ်ပေါင်း (၇၀) မှ အဆင်ပြေရာနံပါတ်ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။

Author