စက်မှုဇုံထုတ်ဂျစ်ကားများကို အပ်နှံခွင့်ပေးခဲ့သည့်အချိန်မှစ၍ CIF တန်ဖိုးငါးထောင်နှင့်အောက် ကားများဖြစ် သည့် ၂ဝဝ၃ မော်ဒယ်နှင့်အောက် Kluger ၊ ရွှေငါး ၊ RAV4 ၊ Crown စသည့်ကားများ အရောင်းအဝယ်ဖြစ်နေပြီး CIF တန် ဖိုးတစ်သောင်းအထက်ကားများမှာ အရောင်းအဝယ်အေးစက်နေသည်။
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ သုံးဘီးယာဉ်များအပ်နှံပြီး အငှားယာဉ်တင်သွင်းခွင့်ပေးရန် တောင်းဆိုထားသောကြောင့် သုံးဘီးယာဉ်များ၏ဈေးကွက်လည်း အနည်းငယ်လှုပ်ခတ် သွားခဲ့သည်။သို့သော် ကားဟောင်းစလစ် ဝယ်ရောင်းများမှာ သုံးဘီးယာဉ်များကိုအရဲစွန့်ပြီး မဝယ်ယူရဲသောကြောင့် ထို ကားများ၏ဈေးနှုန်းသည် တန့်နေပြီး သုံးဘီးယာဉ်အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်၂၇ သိန်းဝင်းကျင် ပေါက်ဈေးရှိ ကြောင်း မြန်မာပြည်အထက်ပိုင်းရှိ ကား ဝယ်ရောင်းများထံမှသိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ညအိပ်ကားများထားရှိခွင့်မပေးသောကြောင့် ယင်းစခန်းရှိ ကားဝယ်ရောင်း များအနေနှင့် ကားများတစ်ပိုင်တစ်နိုင်သာ ယူဆောင်လာသည့်အတွက် အဝယ်များအနေနှင့် ရွေးချယ်စရာနည်းသွားသော ကြောင့် အရောင်းအဝယ်အေးစက်သွားနိုင်ကြောင်း ကားဝယ်ရောင်းတစ်ဦးကဆိုသည်။
ခွေးဘီလူးနှင့် ဂျစ်တွေလှုပ်ရှားနေတဲ့ မန္တလေးကားဈေးကွက်
ယခုသြဂုတ်လပထမပတ်မန္တလေးကားဈေးကွက်တွင်စက်မှုဇုံထုတ်ဂျစ်များနှင့်ခွေးဘီလူး(မီနီထရပ်)များ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးယာဉ်ရောင်းဝယ်ရေး ဈေးကွက်မှသိရသည်။
စက်မှုဇုံထုတ်ဂျစ်ကားများမှာ လက်ရှိတွင် ကျပ် ၄၃ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းအ ဝယ်ဈေးကွက်တွင်အဝယ်လိုက်မှုရှိနေခြင်းကြောင့်ဇုန်ဂျစ်များမျက်နှာပန်းလှလျက်ရှိကြောင်းဝယ်ရောင်းများထံမှသိရသည်။
စက်မှုဇုံဂျစ်ကားများ အအပ်ခံပြီးနောက်ပိုင်းတွင် ၁၃ဝဝ စီစီ ဆလွန်းကားများနှင့် ဂျပန်နိုင်ငံထုတ် လိုက်ထရပ်များ မှာ ဈေးအနည်းငယ်ကျပြီး ယခင်ကျပ်သိန်း ၈ဝ ၊ သိန်း ၁ဝဝ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ရာမှ ယခုအခါ ကျပ်ဆယ် သိန်းဝန်းကျင်ခန့် ဈေးကျလျက်ရှိကာ အရောင်းအဝယ်အေးလျက်ရှိသည်။
ဖရီးပါမစ်ဖြင့် တင်သွင်းလာသည့်ကားများအနက်မှ Suzuki,Swift ,Honda Fit , Toyota Belta များမှာ အရောင်း အဝယ်အေးလျက်ရှိပြီး ဈေးနှုန်းကျဆင်းလျက်ရှိသဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်။
ယာဉ်အိုဟောင်း အဖြစ်အပ်နှံခွင့်ပြုခဲ့သည့် '၁က' အက္ခရာကားများမှာမူ ကျပ် ၇၅ သိန်းနှင့် သိန်း ၈ဝ ဝန်းကျင်ခန့် သာ ပေါက်ဈေးရှိပြီး အရောင်းအဝယ်အေးလျက်ရှိသည်။
စလစ်ကပ်သမားအချို့မှာ '၂က'အက္ခရာ အပ်နှံရမည့်အချိန်ကို စောင့်ကြည့်လျက်ရှိပြီး စလစ်ဈေးသက်သာနိုင်စေ ရန် စီစဉ်လျက်ရှိသည်ဟုလည်းသိရသည်။
Ref: Auto Mobile ဂျာနယ်မှကူးယူဖေါ်ပြသည်။။။