သတ်မှတ်နေရာတွင်မရပ်သော YBS ယာဉ်များနှင့် မှတ်တိုင်များတွင်ရပ်ထားသော Taxi ယာဉ်များအား အရေးယူခြင်းနှင့် ပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ

0

Full article

သတ်မှတ်နေရာတွင်မရပ်သော YBS ယာဉ်များနှင့် မှတ်တိုင်များတွင်ရပ်ထားသော Taxi ယာဉ်များအား အရေးယူခြင်းနှင့် ပညာပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး လူစည်ကားရာ ကားမှတ်တိုင်များတွင် Taxi ယာဉ်များကို ထိန်းကျောင်းပေးနိုင်မည့်ဝန်ထမ်းများထားရှိရေး အကြံပြုချက်ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

“ရန်ကုန်မြို့အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်တင်ယာဉ်များသာ ရပ်ရန် မျဉ်းဝါအံကွက်များပြုလုပ်ထားရှိပြီးဖြစ်ပါကြောင်း၊ ခရီးသည်တင်ယာဉ်များသာ ရပ်နားရန်သတ်မှတ်ထားသည့်နေရာတွင် Taxi ယာဉ်များရပ်နားမှုကြောင့် ခရီးသည်တင်ယာဉ် ခရီးသည်အတင်အချပြုလုပ်ရန် ရပ်နားနိုင်ခြင်းမရှိပါက အဆိုပါ Taxi ယာဉ်များအား ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ အရ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Taxiယာဉ်များအတွက် ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံ၊ ဈေးများနှင့် အရေးကြီးနေရာ အချို့တွင် Taxiယာဉ်များရပ်နားရန် Taxi Stand များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားရှိပြီးဖြစ်ပါကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နှင့်ပူးပေါင်း၍ ဘတ်စ်ကားမှတ်တိုင်များရှိ သတ်မှတ်နေရာများ၌ ရပ်နားခြင်းမရှိဘဲ အခြားနေရာတွင်ရပ်နားကာ ခရီးသည်အတင်အချပြုလုပ်ခြင်းနှင့် အခြားသတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် ခရီးသည်တင်ယာဉ်များအား ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း YBS ခရီးသည်တင်ယာဉ် ၆,၇၇၃ စီး၊ ၂၀၂၀ ခုနှစ်အတွင်း YBS ခရီးသည်တင်ယာဉ် ၃၈၇ စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် Taxi အငှားယာဉ်များ ကိုလည်း ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်အတွင်း ၈,၀၂၈ စီး၊ ၂၀၂၀ ခုနှစ်အတွင်း ၄၁၀ စီး ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယာဉ်မောင်းများအား ယာဉ်မတော် တဆဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် အရေးယူဆောင်ရွက်ခြင်းများရှိသလို ပညာပေးလုပ်ငန်းများလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် အတွင်း ယာဉ်မောင်း/ယာဉ်နောက်လိုက် ၅၂,၁၁၃ ဦးအား ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ ရပ်နားခြင်းများမရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း”

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

ထို့အပြင် ဆက်လက်ပြီး လူစည်ကားရာ ကားမှတ်တိုင်များတွင် Taxi ယာဉ်များကိုထိန်းကျောင်းပေးနိုင်မည့်ဝန်ထမ်းများထားရှိပါက ပိုမိုအဆင်ပြေနိုင်ကြောင်း အကြံပြုချက်ကိုလည်း ဝန်ကြီးမှ အကြံပြုသည့်အတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းလွှတ်တော်အမတ်တစ်ဦးမှ သတ်မှတ်ထားသော ကားမှတ်တိုင်ကြီးများတွင် Taxi များရပ်နားခြင်းကြောင့် YBS ယာဉ်ကြီးများမှာ လမ်းမပေါ်တွင် အတင်အချပြုလုပ်နေကြသဖြင့် ခရီးသွားပြည်သူများပိုမိုအဆင်ပြေစေရန် Taxi များအတွက် သီးခြား Taxi Stand များပြုလုပ်ပေးခြင်းနှင့် YBS ယာဉ်များကို သတ်မှတ်နေရာတွင်သာ ရပ်စေခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author