ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း အတွက် ကုမ္ပဏီ ၅၃ ခုထံကနေ စိတ်ဝင်စားမှုလျှောက်လွှာများရရှိ

0

Full article

ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း Yangon Elevated Expressway ကို လုပ်ကိုင်ဖို့ စိတ်ဝင်စား သည့် ပြည်တွင်းပြည်ပကုမ္ပဏီများအား ရင်းနှီးမြုပ်နှံလိုသူ အဆိုပြုလျှောက်လွှာတင်သွင်းရန် ဖိတ်ခေါ်ခဲ့ ရာ ပြည်တွင်းပြည်ပကုမ္ပဏီ ၅၃ခုထံကနေ လျှောက်လွှာများ လက်ခံရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြချက်အရ သိရသည်။

ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်ကုမ္ပဏီ ၁၃ ခု ၊ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယ၊ တူရကီနှင့် ပြင်သစ် ကုမ္ပဏီတို့ပါဝင်ပြီး စီမံကိန်းအတွက် စိတ်ဝင်စားမှု လျှောက်လွှာများ (EoI) ခေါ်ယူခြင်းသည် တင်ဒါလုပ်ငန်း၏ ပထမဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် သြဂုတ်လမှာ စီမံကိန်းအတွက် Request for Qualifications (RFQ) ခေါ်ယူဖို့ ပြင်ဆင်နေပြီး၂ဝ၁၈ နောက်ဆုံးသုံးလပတ်အတွင်း Request for Proposals (RFP) ခေါ်ယူခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရန်ကုန်မိုးပျံလေးလမ်းသွားအမြန်လမ်းမကြီးမှာ ရန်ကုန်မြို့တွင်းကနေ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန် နှင့် ရန်ကုန် – မန္တလေး အမြန်လမ်း တို့ကို ဆက်သွယ်ပေးသွားမည်ဖြစ်ပြီး ကီလိုမီတာ ၄၇.၅ ရှည်လျား(မိုင် ၃ဝ နီးပါး)မည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို public private partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မိုးပျံအမြန်လမ်းမကြီး လုပ်ဆောင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အပိုင်းလိုက်ခွဲ၍ PPP တင်ဒါများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး World Bank အ ဖွဲ့ဝင် International Finance Corporation ၏ အကူအညီဖြင့် တင်ဒါရွေးချယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Infrastructure

Author