ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း လျှပ်စစ်ဆိုင်ကယ်များ စီမံချက်ဖြင့် တရားဝင် စီးနင်းခွင့်ပေးသွားရန်ရှိ

0

Full article

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်အတွင်း ခရီးသည်တင် YBS ကားများသွားလာရ ခက်ခဲသောနေရာများတွင် လျှပ်စစ်ဆိုင်ကယ်များကို စီမံချက်ဖြင့် တရားဝင် စီးနင်းခွင့်ပေးသွားရန်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်ဖွဲ့ YRTA မှသိရသည်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း YBS ကားများမပြေးဆွဲသည့် သွားလာရခက်ခဲသော မြို့အစွန်နေရာများတွင် လျှပ်စစ်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များကို တရားဝင်စီးနင်းခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တို့ ဆွေးနွေးထားပြီး မကြာခင် ပြန်လည်စီးနင်းခွင့်ပြုရန်ရှိနေကြောင်းသိရသည်။

"စည်ပင်နယ်နိမိတ်လို မြို့အစွန်တွေမှာ လျှပ်စစ်ဆိုင်ကယ်တွေ စီးနင်းခွင့်ပြုဖို့အတွက် ဆွေးနွေးထားတာတော့ရှိတယ်။ YBS ကားတွေ သွားလာရခက်ခဲတဲ့ နေရာမျိုးတွေမှာ တရားဝင်စီးနင်းခွင့်ပြုဖို့ဆွေးနွေးနေတယ်။ လျှပ်စစ်ဆိုင်ကယ်က သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိလို့၊ လေထုညစ်ညမ်းတာမရှိလို့ ခွင့်ပြုဖို့စဉ်းစားထားတာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်ဖွဲ့ YRTA မှတာဝန်ရှိသူတစ်ဦးက ပြော၏။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုးကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ထန်းတစ်ပင် မြို့နယ် ၁၄ မြို့နယ်များတွင်သာစီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် လုံးဝစီးနင်းခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးကြေညာထားသည်။

Author