မြန်မာနှစ်ကူး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ဒလ ကူးတို့ရေယာဉ်ပြေးဆွဲမှု အခေါက်ရေ လျှော့ချပြေးဆွဲသွားမည်

0

Full article

မြန်မာနှစ်ကူး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ဒလ ကူးတို့ရေယာဉ်ပြေးဆွဲမှု အခေါက်ရေ လျှော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှသိရသည်။

မြန်မာနှစ်ကူး သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-ဒလ (ပန်းဆိုးတန်း-ဒလ နှင့် ဝါးတန်း-ဒလ) ကူးတို့ယာဉ်များပြေးဆွဲမှုကို အခေါက်ရေလျှော့ချပြေးဆွဲသွားမည်ဖြစ်သည်။ ထိုသို့ အခေါက်ရေလျှော့ချပြေးဆွဲမှုကို ဧပြီလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ အကျုံးဝင်မည်ဖြစ်ပြီး ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်းမှ ချယ်ရီ ကူးတို့ယာဉ်များပြေးဆွဲမှုကို  တစ်ရက်လျှင် ယခင်အခေါက်ရေ (၄၆) ခေါက်မှ (၂၆) ခေါက်သို့လည်းကောင်း၊ ဝါးတန်း-ဒလ ကားကူး ကူးတို့ဇက်ယာဉ် ပြေးဆွဲမှုကို ယခင် (၁၅) ခေါက်မှ (၆) ခေါက်သို့လည်းကောင်း အသီးသီး လျှော့ချပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်-ခနောင်တို ကူးတို့လမ်းတွင် ယခင် (၆) ခေါက်မှ (၄) ခေါက်သို့ လျှော့ချပြေးဆွဲသွားမည်ဖြစ်သည်။ ထိုသို့ပြေးဆွဲရာတွင် လတ်တလောဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ရေးအတွက် Hand Speaker များဖြင့်အသိပညာပေးခြင်း၊ ဆေးဖျန်းခြင်း၊ ခရီးသည်ထိုင်ခုံများကို ၃ ပေအကွာအဝေးတွင် ထားရှိခြင်းနှင့် လက်ဆေးစင်များကို လက်မှတ်ရုံအတွင်း၊ ဝင်ပေါက်များတွင် ထားရှိခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ကော့မှူး မြို့နယ်များနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များသို့ ရန်ကုန်မြို့မှ ခရီးသည်များကို ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်းမှ၎င်း၊ ကုန်စည်နှင့်ယာဉ်များကို ဝါးတန်း-ဒလ ကူးတို့ဆိပ်မှလည်းကောင်း အသီးသီးနေ့စဉ်ပို့ဆောင်ပေးနေပြီး မဟာသင်္ကြန်ကာလများအတွင်း နှစ်စဉ် အခေါက်ရေ လျှော့ချပြေးဆွဲနေကျဖြစ်သည်။

Author