ခရီးသည်သွားလာမှုနည်းပါးလာသည့်အတွက် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ပြေးဆွဲမှုများကို ယာယီလျှော့ချရပ်နားထား

0

Full article

ခရီးသည်သွားလာမှုနည်းပါးလာသည့်အတွက် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ပြေးဆွဲမှုများကို ယာယီလျှော့ချ ရပ်နားထားကြောင်း မြန်မာ့မီးရထားထံမှသိရသည်။


COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တွင်းခရီးသည်သွားလာမှု လျော့နည်းလာသည့်အတွက် ရန်ကုန်မြို့တွင်း နေ့စဉ်ပုံမှန်ပြေးဆွဲနေသော ရန်ကုန်မြို့ပတ်ရထားနှင့် ဆင်ခြေဖုံးရထား အစီးရေ (၁၆၈) စီးအနက် ရထား (၆၉) စီးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉) ရက်နေ့ကတည်းက ယာယီရပ်နားထားကြောင်းသိရသည်။ ပြေးဆွဲခြင်းရပ်နားရခြင်းမှာ ယခင်က တစ်ရက်လျှင် ခရီးသည်ငါးသောင်းခန့် စီးနင်းခဲ့ရာမှ ယခုအခါ တစ်ရက်လျှင်ခရီးသည် သုံးသောင်းဝန်းကျင်ခန့်သာရှိတော့ပြီး နေ့‌လယ်ပိုင်းပြေးဆွဲသောရထားများတွင် ခရီးသည်လိုက်ပါမှု ပိုမိုနည်းပါးသောကြောင့် ယခုကဲ့သို့ ယာယီရပ်နားထားရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။ ခရီးသည် လိုက်ပါစီးနင်းမှု များပြားသော မနက်ပိုင်းနှင့်ညနေပိုင်းရထားများကိုမူ ရပ်နားခြင်းမရှိပဲ ပုံမှန်ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ပြီး နေ့လယ်ပိုင်းပြေးဆွဲသောရထားအစီးရေကို လျှော့ချရပ်နားလိုက်ခြင်းဖြစ်သည်။


ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမြန်ရထားများကို ပြေးဆွဲခြင်းရပ်နားခြင်းမပြုသော်လည်း ခရီးသည်လိုက်ပါစီးနင်းမှုအပေါ်မူတည်ကာ ရထားတွဲဆိုင်းများကို လျှော့ချသွားမည်ဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ အမြန်ရထား ၃ စီး၊ မော်လမြိုင်သို့ ၂ စီး၊ ပြည်သို့ ၁ စင်း၊ ပုဂံသို့ ၁ စီး နေ့စဉ် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

Author