ရန်ကုန်ကားဈေးကွက်အတွင်း မူဝါဒပြောင်းလဲမည့် သတင်းနှစ်ခုကြောင့် ဈေးကွက်အေးစက်နေကာ အရောင်းအဝယ်ရပ်တန့်သွားသည့် အနေအထားဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ လက်ရှိအချိန်တွင် ၂ဝ၁၄ ခုနှစ်၌ နှစ် နှစ်ဆယ်ကျော်ကားများ အပ်နှံခွင့်ပြုမပြု မရေရာသေးသကဲ့သို့ ၂ဝ၁၄ တွင်ထုတ်ပြန်မည်ဆိုသော CIF ဈေးနှုန်း ပျံ့နှံ့ထွက်ပေါ်နေမှုကြောင့် ဈေးကွက်အတွင်း အေးစက်သွားခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၏ အရောင်းအဝယ်ဈေးကွက်အခြေအနေမှာ ယခင်တစ်ပတ်ကအရောင်းအဝယ်ထက်အေးသွားကြောင်း ကားဝယ်ရောင်းများထံမှ သိရှိရသည်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ယခင်ရက်များက အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာသဖြင့် အရောင်းအဝယ်ကောင်းမွန်လာပြီဟု ဝယ်ရောင်းများက တွေးဆခဲ့ပြီး နှစ် နှစ်ဆယ်အောက်ကားများ အပ်နှံခွင့်ရမည့်သတင်းများနှင့် CIF တန်ဖိုးလျော့ချမည့်သတင်းများ ပေါ်ထွက်လာသောကြောင့် အရောင်းအဝယ်မှာအေးစက်သွားခဲ့ကြောင်း သိရှိရသည်။
ယခင်ရက်များက သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း အရောင်းအဝယ် အေးစက်နေသော်လည်း အများဆုံး အရောင်းအဝယ် နည်းပါးမှုမှာ နှစ်ပတ်၊ သုံးပတ်ခန့်သာ ရှိသေးကြောင်း ဝယ်ရောင်းများထံမှ သိရှိရသည်။
သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ယခင်က ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်များဆုံးသော Honda Fit ၊ Belta စသည့်ကားများမှာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အနည်းငယ်သာဖြစ်နေပြီး သိန်းနှစ်ရာဝန်းကျင်ကားများနှင့် 4WD ကားများမှာ အရောင်းအဝယ်အေးစက်နေကြောင်း သိရှိရသည်။ ယခုနောက်ပိုင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်း၏ ဈေးကွက်အခြေအနေမှာ မည်သည့်အချိန်တွင် အရောင်းအဝယ်ပြန်ဖြစ်လာမည်ကို မျှော်မှန်းမရနိုင်ပဲ အရောင်းအဝဝ်ပုံမှန်အတိုင်းပြန်ဖြစ်လာမှသာ အရောင်းအဝယ်ဈေးကွက်ကို အတိအကျပြောဆိုနိုင်မည်ဖြစ်ကြောင်း ဝယ်ရောင်များက သုံးသပ်သည်။
ယခုတစ်ပတ် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်း အရောင်းအဝယ်မှာ ယခင်တစ်ပတ်ထက် အရောင်းအဝယ်ပိုအေးသွားကြောင်း ကားဝယ်ရောင်းတစ်ဦးမှပြောကြားသည်။ မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းတွင် ၁၃ဝဝ စီစီကားများပါ အရောင်းအဝယ်အေးစက်နေပြီး အမြင့်ကားများ အရောင်းအဝယ်မရှိသလောက်အေးစက်နေကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းတွင် အရောင်းအဝယ်အေးစက်နေပြီး ပွင့်လင်းရာသီသီးနှံပေါ်ချိန်ဖြစ်သော်လည်း အရောင်းအဝယ်အေးစက်နေခြင်းမှာ ဈေးကွက်အခြေအနေကို နားမလည်နိုင်ကြောင်း ကားဝယ်ရောင်းများက ပြောကြားသည်။
Auto Mobile Journal မှကူးယူဖော်ပြသည်။
Photo Credit by Stefan Munder