Full article

အရောင်းအဝယ်ဈေးကွက် အတော်ကြာအေးစက်နေခဲ့သည့် ရန်ကုန်ဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း နယ်အဝယ်များဆင်းလာသည့် အတွက် ဈေးကွက်ပြန်လည်အသက်ဝင်လာခဲ့သည်။ သို့သော် ဒေါ်လာဈေးမြင့်နေမှုကြောင့် ဈေးကွက်မှာ အလွန်အမင်း အားကောင်းလာခြင်းမျိုးမဟုတ်ဘဲ စလစ်ကပ်များထက် ဖရီးပါမစ်ကားများသာ အရောင်းအဝယ်ပိုဖြစ်နေကြာင်း ကားဝယ်/ရောင်းများထံမှသိရသည်။

ဒီရက်ထဲမှာတော့ ရေဘေးကိစ္စတွေပြီးသွားတဲ့အတွက် နယ်အဝယ်တွေနည်းနည်းပြန်ဆင်းလာပါပြီ။ ဒေါ်လာဈေးတွေမြင့်နေသေးတဲ့ အတွက် ကိုင်ထားတဲ့ကားတွေကို ဈေးချမရောင်းကြပါဘူး။ အတက်ဘက်မှာပဲငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ Probox လိုကားမျိုးဆိုရင် အရင်ဒေါ်လာဈေးနိမ့်တဲ့ အချိန်တုန်းကကျပ် ၉၆ သိန်းလောက်ရောင်းကြပေမဲ့ အခု ပွိုင့်သရီးဆိုရင် Probox ဆိုရင် ကျပ်သိန်းတစ်ရာ လောက်ရမှ ရောင်းတယ်၊ မရရင် မရောင်းကြတော့ဘူး၊ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှာတော့ ဒီရက်ပိုင်း စလစ်ကပ်ကားတွေထက် ဖရီးပါမစ်ကားလေးတွေ ထဲက Probox ၊ Honda Fit ၊Passo ကားတွေအရောင်းအဝယ်နည်းနည်းပြန်ဖြစ်လာတယ်။ရန်ကုန်အဝယ်ကတော့ပွဲစားတွေဆီမှာ လာဝယ်တာနည်းပါတယ်၊ နယ်အဝယ်တွေပြန်ဆင်းတဲ့အတွက် လုပ်ငန်းသုံးကားတွေ အရောင်အဝယ် နည်းနည်းပြန်ဖြစ်လာတယ်။ ကားအသစ်တွေထက် နံပါတ်နိမ့် ကားဟောင်းလေတွေလည်း အရောင်းအဝယ်ဖြစ်တယ်၊ လာမယ့်နှစ် မိုးဒယ်ထပ်ချိန်းလိုက်ရင်တော့ စလစ်ကပ်ကားအရောင်းအဝယ်တွေက ပိုအေးသွားပြီး ကားဟောင်းတွေ အရောင်းအဝယ်ပိုဖြစ်လာနိုင်ပါတယ်၊လှိုင်မှာတော့အရင်ရက်တွေ ထက်စာရင် အရောင်းအဝယ်နည်းနည်းပြန်ဖြစ်တယ် လို့ပြောလို့ရပါတယ် ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်/ရောင်း ကိုအောင်ဇော် ကဆိုသည်။

ကားအရောင်းစင်တာများတွင်လည်း နယ်ဝယ်လက်အချို့ပြင်ဆင်လာတဲ့အတွက် စလစ်ကပ်ကားအပြင် ဖရီးပါမစ်ကားများပါ အရောင်းအဝယ်အနည်းငယ်ပြန်ဖြစ်လာသည်။ ဗဟိုဘဏ်မှသတ်မှတ်သည့် ရည်းညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း အနည်းငယ် ပြန်ကျသွား သော်လည်းပြင်ပ ဒေါ်လာပေါက်ဈေး မြင့်နေသည့်အတွက် ဒေါ်လာဈေးပြန်တက်နိုင်ပြီး ကားဈေးလည်းဆက်လက်မာနေဦးမယ် ဖြစ်ကြောင်း ကားလုပ်ငန်းရှင်အများစုက သုံးသပ်ထားကြသည်။ ထို့ပြင်ရန်ကုန်ရှိ ကားအရောင်းစင်တာများတွင် နယ်ဝယ်လက်မိတ်များသည့် ကားအရောင်း စင်တာတစ်ခု၌သာ အရောင်းအဝယ်ဖြစ်နေကြာင်း ကားဈေးကွက်အတွင်းမှသိရသည်။

ဒီရက်ပိုင်းနယ်ဘက်တွေက အဝယ်တွေလည်း နည်းနည်းပြန်ဆင်လာတဲ့အတွက် အရင်ရက်တွေထက်စာရင် အရောင်းအဝယ်ပြန်ဖြစ်လာပါတယ်။ ဗဟိုဘဏ်ကသတ်မှတ်တဲ့ ဒေါ်လာဈေးက ဒီရက်ပိုင်းမှာနည်းနည်းပြန်ကျတယ်၊Toyota Alphard ၊ Toyota Wish စတဲ့ ကလစ်ကပ်ကားတွေနဲ့ ဖရီးပါမစ်ကားလေးတွေ နည်းနည်းပြန်ရောင်းလာရတယ် ဟု MTC ကားအရောင်းစင်တာ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်က ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း စတိနံပါတ် ကားသစ်များထက် အက္ခရာနိမ့် ကားအဟောင်းလေးများသာ အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။ ဒေါ်လာမြင့်ပြီး ဝယ်လက်နည်းနေသည့်အချိန်တွင် ကားသစ်များမှာ အရောင်းအဝယ်ပိုဖြစ် နေကြောင်းကားဝယ်/ရောင်းများထံမှ သိရသည်။

ဒေါ်လာဈေးရော ဂျပန်ယန်းဈေးပါ မြင့်နေတဲ့အတွက် အဝယ်တွေကဈေးလိုက်မပေးနိုင်ကြတော့ ကားသစ်တွေက အရောင်းအဝယ်ဖြစ်တာနည်းပါတယ်။ ကားသစ်တွေထက် အက္ခနိမ့်တဲ့ကားဟောင်းလေးတွေက ပိုအရောင်းအဝယ်ဖြစ်တယ်၊ အရောင်းအဝယ် မဖြစ်ချင်းတူရင် စလစ်ကားထက်ဖရီးပါမစ်ကားလေးတွေက ပိုရောင်းရပါတယ်၊ စလစ်ကပ်ကားတွေက ဒီနှစ်ထဲမှာကညန အခွန်သက်သာ ခွင့်လည်းမရတော့သလို ဒေါ်လာဈေးလည်း မြင့်နေတဲ့အတွက်အရောင်းအဝယ်ဖြစ်တာ နည်းသွားပါတယ် ဟု သိရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်/ရောင်းတစ်ဦးက ဆိုသည်။

စလစ်ကပ်ကားများ အရောင်းအဝယ်အေးနေသည့်အတွက် စလစ်ဈေးများလည်း အေးနေကြောင်းသိရသည်။ နံပါတ်အနက်မှ နံပါတ်အနီပြောင်းခြင်းကို ရပ်ဆိုင်းမယ်ဆိုသည့်သတင်းများကြောင့်လည်း တက္ကစီအစားသွင်းရန် အတွက် မြန်မာမီနီကလစ်များမှာ အရောင်းအဝယ်ဖြစ်နေ၍ ဈေးမာနေပြီး ကျန်စလစ်များမှာ အကျဘက်သို့ ဦးတည်နေကြာင်း စလစ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း အတွင်းစက်မှုဇုန် စလစ်တစ်စောင်လျှင် ကျပ်၆၅သိန်းဝန်းကျင်သက်တမ်းနှစ်နှစ်ဆယ် စလစ်တစ်စောင်လျှင်ကျပ်၆၆ သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး မြန်မာမီနီစလစ်တစ်စောင်လျှင် ကျပ်၆၁ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိနေကြောင်းသိရသည်။

"စလစ်ဈေးကတော့နည်းနည်းပြန်ကျတယ်၊ စလစ်ကားအရောင်းအဝယ်ဖြစ်မှ စလစ်လည်းအရောင်းအဝယ်ဖြစ်တာပါ၊ ဒီရက်ထဲစလစ်ကားတွေလည်း အရောင်းအဝယ်အေးနေတဲ့အတွက် စလစ်ဈေးလည်းအေးနေပါတယ်၊ တက္ကစီပြန်သွင်းလို့ရတဲ မြန်မာမီနီစလစ်တစ်ခုပဲဈေးမာနေပါတယ်'' ဟုကားဟောင်းစလစ်ဝယ်/ရောင်းပြုလုပ်သူ ကိုအောင်လေးကဆိုသည်။

4.9.15 ထုတ် Automobile Journal မှ ကူးယူဖော်ပြသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author