Full article

မိုးဦးကျကာလမှာ ရန်ကုန်ကားဈေးကွက် အရောင်းအဝယ် လှုပ်ခတ်လာပြီး ၁၃ဝဝ စီစီကားများ အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရသည်။ နယ်အဝယ်များလည်းဆင်းလာပြီး ယခင်ရက်သတ္တပတ်တွေထက် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်/ရောင်းတစ်ဦးက ပြောကြားခဲ့သည်။

"ပွိုင့်သရီးကားလေးတွေက ဒီရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်နေတော့ ဈေးလည်း ၁ဝ သိန်းလောက် တက်သွားတယ်၊ အရင် သိန်းရှစ်ဆယ်တန်ကားက အခု သိန်းကိုးဆယ်ဖြစ်သွားပီ၊ ဈေးတက်တာတစ်ပတ်ကျော်လောက်ရှိသွားပြီ၊ နောက်လည်းဆက်တတ်ဖို့ပဲရှိတယ်၊ ကားက ကုန်သလောက်ဖြစ်နေပြီ၊ ရောင်းကားပြစရာတောင်မရှိတော့ဘူး" ဟု ကားဝယ်/ရောင်းတစ်ဦးက ဆိုခဲ့သည်။

ယခင်က ၁၃ဝဝ စီစီကားများမှာ သိန်းတစ်ရာ ဝန်းကျင်ခန့်ပေါက်ဈေးရှိပြီး အစိုးရမှ ကညနခွန်၊ ဆိပ်ကမ်းခွန်များကို လျှော့ချပေးလိုက်သည့်အတွက် သိန်းရှစ်ဆယ် ဝန်းကျင်ခန့် ဈေးလျှော့ကျသွားသောကြောင့် ဝယ်လိုအား ပိုမိုမြင့်တက်လာခဲ့ပြီး Nissan Ad Van နှင့် Toyota Probox ကားများမှာ အရောင်းအဝယ်ပိုမိုဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ ကားဝယ်/ရောင်း တစ်ဦးထံမှ သိရသည်။

"၁၃ဝဝ စီစီ ကားတွေထဲမှာ Nissan AD Van နဲ့ Toyota Probox ကားတွေကတော့ အရောင်းအဝယ်အဖြစ်ဆုံးပါပဲ၊ ကျန်တာတွေကတော့ ကြိုကြား ကြိုကြား ရောင်းရတယ်၊ Honda Fit ကတော့ ဒုတိယနေရာက အရောင်းအဝယ်လိုက်နေတယ်၊ Free Permit ကားလေးတွေပဲရောင်းရတယ် ဆိုပေမယ့် စလစ်ကားဈေးကွက်ကလည်း စလစ်လိုအပ်ချက်ရှိသူတွေအတွက် မရှိမဖြစ်ဆိုတော့ သူ့ဈေးကွက်နဲ့သူ ပန်းပန်လျက်ပဲ၊ အခု '၁က' ကားတွေ ဈေးတတ်နေပြီး '၂က' ကားတွေလည်း အဝယ်လိုက်လာပါတယ်" ဟု ကားဝယ်/ရောင်း တစ်ဦးကဆိုသည်။

အောက်ကားတွေအရောင်းအဝယ်ဖြစ်နေခဲ့သော်လည်း အမြင့်ကားများမှာ စလစ်လိုအပ်ချက်ကြောင့် အရောင်းအဝယ် ထိုင်းမှိုင်းနေပြီး နယ်ဝယ်လက်များ အနေဖြင့် စလစ်ကပ်ရန်မလိုအပ်သည့် ကားများကိုသာ ပိုမို၍ စိတ်ဝင်တစားဝယ်ယူလာကြကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်း တစ်ဦးက ဆိုသည်။

"အမြင့်ကားတွေက စလစ်နဲ့နွယ်နေတော့ မရောင်းရဘူးလို့တော့မဟုတ်ဘူး၊ သူ့ဈေးကွက်နဲ့သူ အရောင်းအဝယ်ကတော့ ဖြစ်နေပါတယ်၊ စလစ်ကလည်း ၁၁၅ သိန်းဖြစ်နေတော့ ကားဈေးနဲ့ပေါင်းလိုက်ရင် ဈေးနှုန်းတွေက အရမ်းမြင့်တတ်သွားပါတယ်၊ အခုရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ အမြင့်ကားတွေထဲမှာ Harrier ၊ Alphard ကားတွေ ပါပါတယ်၊ အရင်က နယ်ဝယ်တွေက အမြင့်ကားတွေကို အမေးများပေမယ့် အခုအချိန်မှာတော့ ပွိုင့်သရီးကားတွေကိုပဲ ပိုပြီး မေးမြန်းဝယ်ယူလာကြပါတယ်" ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်း တစ်ဦးက ပြောသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်လာခြင်းနှင့်အတူ လိုက်ထရပ်ကားများ၏ ဈေးကွက်မှာလည်း ပြန်လည်ဦးမော့လာခဲ့ပြီး ဈေးကွက်အတွင်း လိုက်ထရပ်၊ ခွေးဘီလူး၊ TownAce ၊ Pick-up ၊ Mazda Bongo ၊ Nissan Vanette ကားများမှာ ပို၍ အမေးများလာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်းတစ်ဦးကပြောသည်။

"ဒီရက်ပိုင်းမှာ အရောင်းအဝယ်သွက်နေတာက ၆၆ဝ စီစီ ကားလေးတွေများတယ်၊ ကျောင်းကားအဖြစ် အသုံးပြုလာကြတဲ့အတွက် အရောင်းအဝယ်သွက်လာပါတယ်၊ သိန်းတစ်ရာပတ်လည် နှစ်ရာစွန်းစွန်းလောက်ပဲရှိတဲ့ မီနီဘတ်စ်တွေကတော့ အမေးများလာပါတယ်၊ ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုမယ့် သူတွေကတော့ TownAce ၊ Pick-up ကားတွေကို ပိုအမေးများပြီး ဝယ်ယူလာကြတဲ့အတွက် အရောင်းအဝယ်တိုးတက်လာတယ်လို့ ဆိုလို့ရပါတယ်" ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်းတစ်ဦးက ဆိုခဲ့သည်။

ယခုရက်ပိုင်းအတွင်း Free Permit ဖြင့် တင်သွင်းသည့်ကားများမှာ အရောင်းအဝယ်သွက်နေသကဲ့သို့ လေလံဈေးကွက်အတွင်း ကားများစုပြုံလေလံဆွဲနေသည့်အတွက် လေလံဈေးမှာ ကျပ်ငါးသိန်းခန့် မြင့်တက်သွားခဲ့ကာ ဈေးပိုမိုပေး၍ လေလံဆွဲနေသော်လည်း ကားဝယ်ယူရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်း တစ်ဦးကပြောသည်။

"လေလံမှာ ကားတွေကိုစုပြုံပြီး လေလံဆွဲနေတော့ ကားဈေးကွက်က ငါးသိန်းလောက်မြင့်တက်သွားတယ်။ တချို့ဆို လေလံဈေးတင်တာတောင်မရကြရဘူး။ Free Permit နဲ့သွင်းတဲ့ ကားတော်တော်များများကတော့ အရောင်းအဝယ်သွက်တာများတယ်။ စလစ်ပ်တဲ့ကားက အရောင်းအဝယ် မဖြစ်တာမဟုတ်ဘူး။ Free Permit တင်သွင်းတဲ့ကား၊ ၁ဝ စီးလောက်ရောင်းရမှ စလစ်ကားတစ်စီးလောက် ရောင်းနေရတယ်၊ လစ်ဈေးကလည်း မကျဘူးဖြစ်နေတယ်၊ '၁က' ကားတွေကလည်း ကုန်တော့မယ်၊ '၂က' အက္ခရာကလည်း ၁ဝ လပိုင်းမှ အအပ်ခံမယ်ဆိုတော့ စလစ်ဈေးက ဆက်တက်နေဦးမှာပါ" ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်/ရောင်း တစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း စလစ်ဈေး တည်ငြိမ်မှုမရှိသည့်အတွက် စလစ်ကပ်ကားများမှာ အရောင်းအယ် ထိုင်းမှိုင်းနေခဲ့ကာ အမှန်တကယ်လိုအပ်ချက်ရှိသည့် သူများသာ ဝယ်ယူမှုရှိနေခဲ့ပြီး စလစ်ကပ်ရန်မလိုသည့်ကားများမှာ ပိုမိုအရောင်းအဝယ်သွက်နေကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်း တစ်ဦးကပြောသည်။

" '၁က' ကားတွေက ကုန်သလောက် ဖြစ်နေပြီဆိုတော့ ဈေးကွက်ထဲမှာ စလစ်ဈေး အတက်အကျ များနေခဲ့ပါတယ်၊ ဒီအတွက် ဈေးကွက်ထဲမှာလည်း လစ်ရှားပါးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်" ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။

Ref: Automobile

Author