Full article

သတ်မှတ်ချက်အဖြစ်သာ ရှိပြီးလက်တွေ့လုပ်ဆောင်မှုမရှိသော ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများ၏ ရိုးရိုးယာဉ်လိုင်းခရီးစဉ်တစ်ဖြတ် ကားခကျပ်ငါးဆယ်နှုန်းဖြင့် ခရီးစဉ်အလိုက်ကောက်ခံမှုကိုပြောင်းလဲရန် စီစဉ်နေပြီးအထူးယာဉ်လိုင်းပုံသေ(၂ဝဝ ) ကျပ်နှုန်းကိုလည်းပြောင်းလဲမည်ဟု ယာဉ်လိုင်းအဖွဲ့အစည်းမှ ယခုအပတ်အတွင်း သတင်းမီဒီယာများမှတစ်ဆင့် သိရှိရသည်။

ယင်းသတင်းအပေါ်ရန်ကုန်မြို့တွင်း ယာဉ်လိုင်းကားစီးခရီးသည်များ အံသြခြင်းမပြုဘဲပိုမိုစိုးရိမ်မှုများပင် ဖြစ်လာကြရသည်ဟု ပြောဆိုနေပါသည်။ သက်ဆိုင်ရာမှတရားဝင်သတ်မှတ်ချက် ကားခနှုန်းထားကိုရန်ကုန်မြို့လယ်အပါအဝင် နေရာတိုင်းယာဉ်လိုင်းအဖွဲ့အစည်းပုဂ္ဂိုလ် များရှေ့မှာပင် ပိုမိုကောက်ခံလျက်ရှိသည်ကို သက်ဆိုင်ရာယာဉ်လိုင်းအဖွဲ့အစည်းမှ ထုတ်ပြန်သောခရီးသည်များတိုင်ကြားသည့် အမှုအမျိုးအစားများတွင် အများဆုံးဖြစ်နေသည်မှ သိမြင်နိုင်သည်။ အမှန်တကယ်ကားခပိုပေးရသည်များအနက် လွန်စွာနည်းသောအရေအတွက်မှ တိုင်ကြားခြင်းသာဖြစ်သည်။

မည်သို့ပင်တိုင်ကြားစေကာမူ ယနေ့တိုင် ကားပေါ်တက်တစ်ရာကျပ်၊ မီနီဘတ်စ်ယာဉ်ငယ်ဆိုလျင် နှစ်ရာကျပ် ပေးစီးနေရဆဲဖြစ်သည်။ သတ်မှတ်ချက်အသစ်အဖြစ် တစ်ရာကျပ် သတ်မှတ်လျှင် နှစ်ရာကျပ်သို့ တိုးမြှင့်မကောက်ခံပါဟု ခရီးသည်များအပေါ် တာဝန်ခံအာမခံမည့်သူကို ခရီးသည်များမှ သိရှိလိုနေ ကြပါသည်။

ရန်ကုန်မြို့တွင်း ခရီးသွားခရီးသည်များ အမြင်အနေဖြင့် လက်ရှိယာဉ်လိုင်းအဖွဲ့အစည်းသည် ယာဉ်စီးခရီးသွားများအားကိုးရသည့် အနေအထားမျိုးမရှိဟု ပြောဆိုကြသည်။ အလုပ်လုပ်နေသည်ဆိုရုံသာ မြင်တွေ့ရသည်။ သို့ဖြစ်၍ ယာဉ်လိုင်းများတွင် နေ့စဉ် စီးနင်းနေရသောခရီးသည်များအတွက် ကားခအပါအဝင် ယာဉ်လမ်းကြောင်းအတိုင်းပြေးဆွဲမှု၊ အကြောင်းအမျိုးမျိုးပြ ခရီးတစ်ဝက်ဖြင့်ကားပြောင်းပေးနေမှုများ၊ ဘေးအန္တရာယ်ဖြစ်သည်အထိမောင်းနှင်ခြင်း၊ ခရီးသည်များအပေါ်ရိုင်းပြစွာဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်းများအတွက် နှစ်နာမှုများကိုကာကွယ်စောင့်ရှောက်ပေးမည့်အန်ဂျီအို အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေလိုသည်ဟု ဆိုနေကြသည်။

ရန်ကုန်မြို့တွင်း ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုအပေါ် ပြောင်းလဲမှုများရှိလာစေရန် လုပ်ဆောင်နေပြီဖြစ်ရာ ခရီးသည်များဘက်မှ ရပ်တည်အကာအကွယ်ပေးမည့် အဖွဲ့အစည်းများလိုလာပါသည်။ နစ်နာချက်ကိုတိုင်ကြားပါက ထိရောက်စွာအရေးယူနေပါသည် ဆိုသော ပြောဆိုမှုများသည် လက်တွေ့ထိရောက်မှုမရှိသည်ကို နှစ်များစွာလိုင်းကားစီးနေရသူများက ဆိုနေသည်။ ဘဝတူလိုင်းကားစီးနေရသူများ၏ အခွင့်အရေးကို ယာဉ်လိုင်းအဖွဲ့အစည်းများမှ ထိရောက်သောကာကွယ်မှုမပေးနိုင်သည့် လက်တွေ့ခံစားချက်များအရ စားသုံးသူအခွင့်ရေးကာကွယ်စောက်ရှောက်ရေး အန်ဂျီအို အဖွဲ့အစည်းမျိုးအလျင်အမြန်ပေါ်ပေါက်စေလိုသည်ဟု အထူးသဖြင့် လိုင်းကားစီးသွားလာနေရသည့် အမျိုးသမီးကြီးများမှပြောဆိုကြသည်။

ထူးခန့် (သြဂုတ် ၁၄၊ ၂ဝ၁၅ ထုတ် Auto World ဂျာနယ်)

www.carsdb.com

No. 1 Car Site in Myanmar

Author