သင်္ကြန်ရက်မတိုင်မီနှင့် သင်္ကြန်ရက်အတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အထူးရထားပြေးဆွဲပေးမည်

0

Full article

သင်္ကြန်ကာလအတွင်း နေရပ်ပြန်ခရီးသည်များနှင့် ရုံးဝန်ထမ်းများ၊ အပန်းဖြေခရီးသည်များ၊ နေပြည်တော်တာဝန်ကျဝန်ထမ်းများ အဆင်ပြေစေရန် ရန်ကုန်-နေပြည်တော်-မန္တလေး အထူးရထားပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆိုပါ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို အစိုးရရုံးပိတ်ရက် သင်္ကြန်ရက်မတိုင်မီကတည်းက စတင်ပြေးဆွဲပေးမည်ဖြစ်ရာ သင်္ကြန်အထူးရထား ၁ နှင့် သင်္ကြန်အထူးရထား ၂၊ ရထားနှစ်စင်းအား အထူးအစီစဉ်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"ရန်ကုန်-မန္တလေး-နေပြည်တော်တို့ကို အထူးရထားပြေးဆွဲပေးဖို့စီစဉ်နေတယ်။ သင်္ကြန်ရက်မတိုင် ခင် တစ်ပတ်လောက်ကြိုပြီး ပြေးဆွဲပေးဖို့ ရှိပါတယ်။ ပြေးဆွဲပေးမှာက လောလောဆယ် ရထား နှစ်စင်းနဲ့ ပြေးဆွဲပေးမှာပါ။ ခရီးသည် အရေအတွက်အပေါ်မူတည်ပြီး ရထားအစင်းရေ များချင်လည်းများမယ်။ သင်္ကြန်ရက်တွေမှာ ကားလတ်မှတ်မရကြတာများတယ်။ ရုံးဝန်ထမ်းတွေနဲ့ နေရပ်ပြန်ခရီးသည်တွေ အဆင်ပြေဖို့ အထူးရထားပြေးဆွဲပေးတာပါ" ဟု မြန်မာ့မီးရထား အောက်မြန်မာပြည်ဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် အထူးရထားများ၏ လက်မှတ်ခများကိုလည်း ပုံမှန်ရထားလက်မှတ်များအတိုင်း ရောင်းချပေးသွားမည်ဖြစ်ရာ သုံးရက်ကြိုတင်ကာ ရထားလက်မှတ်များ ဝယ်ယူရရှိနိုင်ကြောင်းသိရှိရပြီး ထိုသို့ အထူးရထားများပြေးဆွဲပေးမှုသည် ယခုနှစ်အပါအဝင် ၄ ကြိမ်မြောက်ပြေးဆွဲပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။
သင်္ကြန်ကာလအတွင်း ပုံမှန်ပြေးဆွဲပေးနေသည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဥက္ကံ ရထားများကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

Author