WTO valuation အရ ပြည်ပမှ ကားဝယ်သည့် တန်ဖိုးထက် ဈေးနှုန်း လျှော့ပေါ့ တင်ပြလာပါက ထောင်ဒဏ် သုံးနှစ် ချမှတ်နိုင်

0

Full article

_ [WTO valuation](https://www.carsdb.com/my/news/2017-vehicle-import-license-valuation-to-cif)_ သတ်မှတ်ချက်အရ အမှန်တစ်ကယ်ဝယ်ယူခဲ့သည့် ကုန်ပစ္စည်း တန်ဖိုးကို ပြသရမည်ဖြစ်ရာ ပြည်ပမှ ကားဝယ်သည့် တန်ဖိုးထက် ဈေးနှုန်းလျှော့ပေါ့ တင်ပြလာပါက ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်ကြောင်း မော်တော်ယာဉ် valuation နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင်ထွန်းက ပြောကြားသည်။ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို WTO valuation အတိုင်း စတင်ကောက်ခံနေရာ မော်တော်ယာဉ်တင် သွင်းမှုနှင့် ပတ်သက်၍လည်း ၂ဝ၁၈ ဇန်နဝါရီလမှ စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။ထိုကဲ့သို့ WTO valuation အတိုင်းစည်းကြပ်ရာတွင် ဝယ်ယူထားသော ကုန်ပစ္စည်းတန်ဖိုး တိကျစွာ ဖော်ပြရန်လိုပြီး မမှန်မကန် တင်ပြလာမှုများကို စာရင်းစစ်ဆေးခြင်းဖြင့် တန်ဖိုးလျှော့ တင်ပြထားခြင်း ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်ရာ မမှန်မကန် ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိပါက ပစ္စည်းတန်ဖိုး၏ သုံးဆ (သို့မဟုတ်) တရားစွဲ အရေးယူကာ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

"ဝယ်ယူခဲ့တဲ့ ကုန်ပစ္စည်း တန်ဖိုးကို မှန်မှန်ကန်ကန် ပြသဖို့လိုပါတယ်။ တကယ်လို့ လိမ်ညာပြီး ဖော်ပြတာကို စစ်ဆေးလို့ ပေါ်တဲ့အခါနှောင်းစာရင်း စစ်ဆေးတဲ့အခါ တွေ့ရင် ပစ္စည်းတန်ဖိုးသုံးဆ သို့မဟုတ် တရားစွ အရေးယူပြီး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်လို့ရတယ်"ဟု အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးတင်မောင်ထွန်းက ပြောကြားသည်။

ကုန်ပစ္စည်းတန်ဖိုး မှန်မှန်ကန်ကန် တင်ပြလာသော ကုမ္ပဏီများနှင့် မမှန်မကန် တင်ပြလာသော ကုမ္ပဏီများ၏ အချက်အလက်များကို _ MACCS System_ တွင် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
L-01

Author