Full article

၂ဝ၁၃ ခုနှစ် ကားရောင်းအား စာရင်းဇယား များအရ ဂျင်နရယ်မော်တော်နှင့် ဗောက်စ်ဝက်ဂွန် လုပ်ငန်းစုတို့ကို ကျော်လွန်ပြီး တိုယိုတာကား ထုတ်လုပ်ရေးက ကမ္ဘာ့နံပါတ် ၁ နေ ရာကို ပြန်လည် ရယူထားနိုင်ကြောင်း သိရသည်။

Toyota-Logo

ဂျပန်ကား ထုတ်လုပ်သူသည် ကမ္ဘာတစ်ဝှမ်း ရောင်းအား ပမာဏ ၉ ဒသမ ၉၈ သန်းဖြင့် ကမ္ဘာ့နံပါတ် ၁ ကား ထုတ်လုပ်သူ နေရာကို ရောက်လာသော်လည်း ကားအစီးရေ ၁ဝ သန်း ဟူသော ပန်းတိုင်နှင့် သီသီကလေး လွဲချော်ခဲ့သည်။ တိုယိုတာ နောက်တွင် ဂျင်နရယ်မော်တော်က ၉ ဒသမ ၇၁သန်း၊ ဗောက်စ်ဝက်ဂွန်က ၉ ဒသမ ၇ သန်း ဖြင့် အစဉ်လိုက် ရှိနေသည်။၂ဝ၁၁ ခုနှစ် ဆူနာမီ သဘာဝဘေးကြောင့် ကားထုတ်လုပ်မှု ထိခိုက်ခဲ့သည် မှအပ တိုယိုတာသည် ၂ဝဝ၈ ခုနှစ် ကတည်းက ကမ္ဘာ့သရဖူကို နှစ်စဉ် ဆောင်းလာ နိုင်ခဲ့သော ကားထုတ်လုပ်ရေး ဖြစ်သည်။ လာမည့် ၂ဝ၁၄ တွင် အစီးရေ ၁ဝ သန်းကို ကျော်လွန်အောင် ရောင်းချမည်ဟု တိုယိုတာက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂ဝ၁၃ ခုနှစ် အတွက် တိုယိုတာ၏ ရောင်းအား ပမာဏတွင် လက်ဆပ်စ်၊ ဒိုင်ဟတ်စုနှင့် ထရပ်ထုတ်လုပ်သူ ဟီးနိုးတို့၏ ရောင်းအား ကိန်းဂဏန်းကိုပါ ပေါင်းထည့် ထားသည်။ တိုယိုတာကား ၁ဝ စီး ရောင်းချလျှင် ဟိုက်ဘရစ် ပါဝင်နှုန်းမှာ ၁ စီးထက် ကျော်လွန်သည်။ တိုယိုတာ၏ ရောင်းအား အဓိက မှီခိုရာမှာလည်း ၎င်း၏ ပြည်တွင်း ဂျပန် ဈေးကွက်ပင် ဖြစ်သည်။ ယမန်နှစ်က ကားအစီးရေ ၂ ဒသမ ၃ သန်း ရောင်းချ နို်င်ခဲ့သည်။ ယင်းပမာဏမှာ ဗြိတိန်၏ ကားသစ် ဈေးကွက် တစ်ခုလုံးနှင့် ညီမျှသည်။ ဂျင်နရယ်မော်တော်၏ နံပါတ် ၂ နေရာအတွက် ချက်ဗလက်က အခ ရာဖြစ်သည်။ ယမန်နှစ်က ချက်ဗ လက် အစီးရေ ၅ သန်းနီးပါး ရောင်း ချနိုင်ခဲ့သည်။ချက်ဗလက် သည်လည်း ၎င်း၏ အိမ်ဈေးကွက် အမေရိကတွင် ရေပန်းအစားဆုံး တံဆိပ်တစ်ခု ဖြစ်သည်။ ဥရောပ ဈေးကွက် ကိုမူထိုး ဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ၂ဝ၁၅ ဆိုလျှင် ချက်ဗလက်ကို ဥရောပ ဈေးကွက်မှ အပြီးတိုင် ဖယ်ထုတ်တော့မည်ဟု ဂျင်နရယ် မော်တော်က ပြောနေသည်။ ဥရောပတွင် ဗောက်စ်ဟောနှင့် အိုပယ်လ် တို့ကို သာဆက်လက် ထားရှိမည်ဖြစ်သည်။ ဗောက်စ်ဝက်ဂွန် သည်လည်း ယခင်က ထက်စာလျှင် ယမန်နှစ်၌ ရောင်းအား ၅ ရာခိုင်နှုန်း တက်လာသည်။ ဗောက်စ်ဝက်ဂွန် သီးသန့် အစီးရေ ၆ သန်းနီးပါး ရောင်းရပြီး အော်ဒီကား အစီးရေ ၁ ဒသမ ၆ သန်း ရှိခဲ့သည်။ ဗောက်စ်ဝက်ဂွန်ကို အများဆုံးအား ပေးသည်မှာ တရုတ်ဈေးကွက် ဖြစ်သည်။ အစီးရေ ၃ ဒသမ ၃ သန်း ရှိခဲ့သည်။ မထင်မှတ်ဘဲ ရောင်းအားကောင်း ခဲ့သည်မှာ တောင်အမေရိက ဈေးကွက် ဖြစ်သည်။ အစီးရေ တစ်သန်းအောက် အရေအတွက် ဖြင့် ရောင်းချ နိုင်ခဲ့သည်။

Ref: Auto World

Author