လိုင်စင်မဲ့ဘေးတွဲဆိုင်ကယ်များ စီမံချက်ဖြင့် ရန်ကုန်ခရိုင် ၂ ခုတွင် စတင်ဖမ်းဆီးမှု ပြုလုပ်မည်

0

Full article

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသွားလာမောင်းနှင်နေသော လိုင်စင်မဲ့ဆိုက်ကယ်များအားပြုပြင်တပ်ဆင်မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ်များကို ရန်ကုန်တိုင်းခရိုင် ၂ ခုဖြစ်သည့် မြောက်ပိုင်းခရိုင်မြို့နယ် ၄ မြို့နယ်နှင့် တောင်ပိုင်းခရိုင်များတွင် စီမံချက်ဖြင့် စတင်ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရန်ကုန်တိုင်းအတွင်းသွားလာနေသော ဆိုက်ကားများနှင့် ဆိုင်ကယ်များကိုဘေးမှတွဲ၍ ပြုပြင်တပ်ဆင်စီးနင်းသွားလာနေသော ဘေးတွဲဆိုင်ကယ်များကို မော်တော်ယာဉ်ဥပဒေအရ ပြောင်းလဲပြင်ဆင်ထားသည့်အတွက် ယာဉ်မောင်းသူအား ထောင်ဒဏ် ၁ လအထိ ချမှတ်နိုင်မည့်အပြင် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်တွင် ဆိုင်ကယ်စီနင်းခွင့်မရှိသည့်အတွက် စည်ပင်ဥပဒေအရ ထပ်မံအရေးယူမည်ဖြစ်ရာ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ပါက သွင်းကုန်ထုတ်ကုန်ဥဒေအရ ထောင်ဒဏ် ၆ လမှ ၁ နှစ်အထိ ချမှတ်နိုင်ကြောင်းသိရသည်။

"ဘေးတွဲဆိုင်ကယ်တွေကို ထိထိရောက်ရောက်ဖမ်းဆီးတာတွေလုပ်သွားဖို့ရှိတယ်။ ဘေးတွဲဆိုင်ကယ်တွေက လိုင်စင်မဲ့ဘီးတွေဖြစ်လို့ ဘေးတွဲမှာပြင်ဆင်ပြီး ဆိုက်ကားဘေးတွဲတွေတပ်လာတယ်။ အဲဒါတွေကိုလုံးဝခွင့်မပြုထားပါဘူး။ စစ်ဆေးတွေ့ရှိရင် မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူပါတယ်။ တပ်ဆင်ထားတဲ့ဘေးတွဲကို ချက်ခြင်းဖျက်သိမ်းပြီး မော်တော်ယာဉ်ဥပဒေအရ ထောင်ဒဏ် ၁ လအထိချမှတ်အရေးယူလို့ရပါတယ်။ တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင် ၂ ခုမှာ စီမံချက်နဲ့ဖမ်းဆီးတာတွေလုပ်သွားဖို့ရှိပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ထန်းတစ်ပင်မြို့နယ် ၁၄ မြို့နယ်များတွင်သာစီးနင်းခွင့်ပြုထားပြီးကျန်မြို့နယ်များတွင် လုံးဝစီးနင်းခွင့်ပေးထားခြင်းမရှိဘဲ စီးနင်းမှုများတွေ့ရှိပါက ထိရောက်စွာဖမ်းဆီးမှုများလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။

Author