လိုင်စင်မဲ့ကားများရှိနေမှုကို ထိရောက်စွာဖမ်းဆီးနိုင်ရန် ဆုကြေးငွေပေး၍ သတင်းပေးဖမ်းဆီးမှုမျိုး လုပ်ဆောင်သင့်ဟုဆို

0

Full article

နေအိမ်ခြံဝန်းများတွင် လိုင်စင်မဲ့ကားရှိနေမှုများကို ထိရောက်စွာဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေပေး၍ သတင်းပေးဖမ်းဆီးမှုမျိုး လုပ်ဆောင်သင့်ကြောင်း မော်တော်ယာဉ်အသုံးပြုသူအများစုက ပြောဆိုနေကြသည်။ ပြည်ပမှ တရားဝင်တင်သွင်းထားသော ကားများအား အခွန်မျိုးစုံ ကောက်ခံနေလျက်ရှိပြီး တရားမဝင်စီးနင်းနေသော လိုင်စင်မဲ့ကားများဝင်ရောက်လာမှုကိုလည်း ထိရောက်စွာ ဖမ်းဆီးစစ်ဆေးပေးရန် လိုလားနေလျက်ရှိရာ လိုင်စင်မဲ့ကားများ နီးစပ်ရာနေအိမ်များတွင်ရှိနေမှုများကို ဆုကြေးငွေထုတ်ပေး၍ သတင်းပေးတိုင်ကြားနိုင်သောစနစ်ဖြင့် ထိန်းချုပ်ဖမ်းဆီးစေလိုကြကြောင်း သိရသည်။

"တရားဝင်တင်သွင်းလာတဲ့ကားတွေ အခွန်မျိုးစုံကောက်နေတော့ လိုင်စင်မဲ့ကားပဲ စီးလာကြတာပေါ့။ အခွန်ဆောင်ထားတဲ့ကားတစ်စီးက သိန်း ၂ဝဝ ကျော်ရှိတယ်။ ကားဈေးကလည်း အရင်လိုမဟုတ်ဘူး။ အဆမတန် ဈေးတွေတက်လာနေတယ်။ လိုင်စင်မဲ့ကားတစ်စီးတန်ဖိုးက သိန်း ၂ဝ ပဲရှိပြီး ထိထိရောက်ရောက် မဖမ်းဆီးဘူးဆိုတာသိတော့ လိုင်စင်မဲ့ကားပဲ စီးလာကြတာပေါ့။ လိုင်စင်မဲ့တွေ ဘယ်လိုနည်းနဲ့ဝင်နေသလဲဆိုတာ သိနေတာပဲ။ တကယ်ထိထိရောက်ရောက် စစ်ဆေးဖမ်းဆီးတာမျိုးလုပ်စေချင်တယ်။ လိုင်စင်မဲ့ကားတစ်စီးတွေ့လို့ သတင်းပေးရင် ဆုငွေဘယ်လောက်ပေးမယ်လို့သာ ကြေညာပေးလိုက်၊ တကယ်လည်း ဆုငွေကို မြင်သာအောင်ကြေညာပြီးဆုချ၊ မြို့ကြီးလိုနေရာတွေမှာ အိမ်တွေခြံတွေထဲ လိုင်စင်မဲ့ကား ဘယ်နေရာမှာမှ ထားရဲ၊ စီးရဲတော့မှာ မဟုတ်တော့ဘူး။ တကယ်သာ ထိထိရောက်ရောက်လုပ်ဖို့လိုနေတာ။" ဟု မော်တော်ယာဉ်အသုံးပြုသူ ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေသော လိုင်စင်မဲ့ (without) ကားများကို ဌာနပေါင်းစုံပူးပေါင်း၍ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း နေအိမ်များ၊ ခြံဝန်းများအတွင်းရှိနေသော လိုင်စင်မဲ့ကားများကို သတင်းရရှိမှသာ ဝင်ရောက်ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပါတယ်။ အိမ်တွေ၊ ဝန်းတွေထဲအထိ ဝင်ရှာတာတော့မလုပ်သေးပါဘူး။ နီးစပ်ရာ အိမ်ဝန်းတွေထဲမှာ လိုင်စင်မဲ့ကားတွေ ရှိနေရင်လည်း နီးစပ်ရာနယ်မြေရဲစခန်းကို အကြောင်းကြားပြီး သတင်းပေးတိုင်တန်းလို့ရပါတယ်။" ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Author

Comments