လိုင်စင်မဲ့ကားများကို အိမ်အတွင်းထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးနိုင်ရန် မော်တော်ယာဉ်ဥပဒေအသစ်တွင် ထည့်သွင်းထား

0

Full article

မကြာခင် အတည်ပြုပြဋ္ဌာန်းတော့မည့် မော်တော်ယာဉ်ဥပဒေအသစ်တွင် လိုင်စင်မဲ့ကားများကို အိမ်အတွင်းထိ ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်မည့် အချက်ကို ထည့်သွင်းရေးဆွဲထားရှိပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနက သိရသည်။

ယခုအခါတွင် အများပြည်သူသုံး လမ်းမပေါ်မှာသွားလာနေသော လိုင်စင်မဲ့ကားများကိုသာ စစ်ဆေးဖမ်းဆီးမှုများ ရှိနေပြီး နေအိမ် ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းဆည်းစစ်ဆေးမှုများကို တိကျသော သတင်းရရှိမှသာ ဖမ်းဆီးနိုင်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးကနေသိရသည်။

"မော်တော်ယာဉ် ဥပဒေကို အသစ်ရေးဆွဲထားတယ်။ လိုင်စင်မဲ့ကားတွေ စီးနင်းတာကို အိမ်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးနိုင်တဲ့ ဥပဒေတွေလည်း ပါတယ်။ အခုက အများပြည်သူဆိုင်ရာ နေရာတွေမှာဖမ်းဆီးမယ်လို့ ရေးထား တာရှိတယ်။ တစ်ချို့လိုအပ်တဲ့ အပိုင်းတွေကို ပြင်ဆင်တာတွေနဲ့ ဆွေးနွေးတုန်းအဆင့်တွေလုပ်နေပါတယ်။ ရှေ့နေချူပ်ရုံးကို ရောက်နေပြီး အမြန်ဆုံးထွက်ရှိနိုင်အောင်လုပ်ဆောင်နေပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအား ပြင်ဆင်ဆောင်ရွက်နေသည်မှာ ၁ နှစ်ကျော်ခန့်ကြာမြင့်နေပြီး အခန်းကဏ္ဍ အချိူ့ ကို အသစ်ပြန်လည်ရေးဆွဲနေရာ ရှေ့နေချုပ်ရုံးမှတစ်ဆင့် ဥပဒေလေ့လာဆန်းစစ်ရေးကော်မတီသို့ ပို့ဆောင်ထားပြီး ဖြစ်ကာ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အတည်ပြုထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ထုတ်ပြန်ထားသာ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေကိုဖျက်သိမ်းပြီး ဥပဒေ အသစ် အတည်ပြု ထွက်ရှိပါက ယခင်ဥပဒေအဟောင်းကို ဖျက်သိမ်းမည့် အမိန့်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရသည်။

Law and Policy

Author