တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ without ကားများ ဖြတ်သန်းသွားလာမှုများကို RFID စနစ်အသုံးပြုပြီး ဖမ်းဆီးစစ်ဆေးမည့်စနစ်ကို သက်ဆိုင်ရာအဖွဲ့အစည်းများထံချပြ၍ သဘောတူလက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။
ထိုကဲ့သို့ without ကားများကို စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရေးအတွက် RFID (Radio Frequency Identification system) ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်ရန် အကြံပေးအဖွဲ့ ၅ ဖွဲ့ရွေးထားပြီး ထိုအဖွဲ့မှတစ်ဆင့် လုပ်ဆောင်မည့် ကုမ္ပဏီ အား တင်ဒါခေါ်ယူရွေးချယ်မှုများ ပြုလုပ်နေပြီဖြစ်ရာ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများကိုချပြ၍ ကုမ္ပဏီ နှင့် သဘောတူလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိ RFID စနစ်လုပ်ဆောင် ဖို့ အကြံပေးအဖွဲ့ ၅ ဖွဲရွေးချယ်ထားတယ်။ အဲ့ဒီအဖွဲ့ကနေ တင်ဒါခေါ်ယူတဲ့ ကုမ္ပဏီ ကိုရွေးမယ်။ပြီးရင် ဝန်ကြီးဌာန တွေကို ညှိနှိုင်းချပြတာတွေလုပ်မယ်။ ကုမ္ပဏီ နဲ့ သဘောတူလက်မှတ်ရေးထိုးပြီး လုပ်ဆောင်သွားမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
RFID (Radio Frequency Identification )စနစ်မှာ မော်တော်ယာဉ်များအား ယာဉ်မှတ်ပုံတင်ခြင်း ရှိ၊မရှိကို စက်ဖြင့် စမ်းသပ်တိုင်းတာရုံဖြင့် အလိုအလျောက်သိရှိနိုင်သည့်စနစ်ဖြစ်ကြောင်း သိရသည်။
Regulation