City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကိုအမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရန်ကြိုးပမ်းသွားမည်

0

Full article

City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းကိုအမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ခေတ္တရပ်ဆိုင်းထားတဲ့ City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြန်လည်စတင်နိုင်အောင်ဆောင်ရွက်သွားပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ရဲ့နေရာအကျယ်အဝန်း၊ လူစုလူဝေးဖြစ်ပေါ်လာနိုင်မှု အခြေအနေတွေကို တွက်ချက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီကာလအတွင်း ယာဉ်အစီးရေ နှစ်သောင်းကျော်လောက်ဟာ သက်တမ်းတွေပြည့်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်လည်ဆောင်ရွက်တဲ့အခါ လူစုလူဝေးဆိုတဲ့ ကိစ္စအပေါ်မှ လိုက်နာဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့တော့ ပြင်ဆင်နေပါတယ်”

ဟု YRTA ၏တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။


လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက်၊ လူစုလူဝေးဖြစ်ပေါ်မှုမှ ရှောင်ရှားရန် City Taxi မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှ စတင်ကာ ယာယီရပ်နားခဲ့ကြောင်းသိရသည်။
၂၀၁၉ နိုဝင်ဘာလအထိ စာရင်းများအရ YRTA ထံတွင်မှတ်ပုံတင်ထားသော City Taxi ယာဉ်စီးရေမှာ ၆၇,၇၈၈ စီးရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ စာရင်းများအရသိရသည်။

Author