Full article

**မီနီဝက်ဂန်ကားလေးများကို အရင်းနည်းနည်း ၊ အမြတ်နည်းနည်းဖြင့် အရောင်းအဝယ်ပြုလုပ်လာသည့် ရန်ကုန်ကားဈေးကွက်**

ရန်ကုန်ကားဈေးကွက်တွင် အင်ဂျင်ပါဝါ ၁၃၅ဝ စီစီနှင့်အောက် ကားလေးများနှင့် စက်မှုဇုန်ထုတ် စလစ် ကပ်ကားများ အရောင်းအဝယ်ဆက်လက်ကောင်းနေသည်။ ၁၃၅ဝ စီစီနှင့်အောက် ကားလေးများထဲတွင် အင်ဂျင်ပါဝါ ၆၆ဝ စီစီ Carry Truck နှင့် Mini Wagon ကားများကို အရင်းနည်းနည်း အမြတ်နည်းနည်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

၁၃၅ဝ စီစီနှင့်အောက် ကားလေးများထဲတွင် Carry Truck ကားလေးများထက် Mini Wagon ကားလေးများမှာ အရောင်းအဝယ်ပိုမိုကောင်းမွန်နေပြီး စက်မှုဇုန်ထုတ်ဂျစ်ကားများကို ရောင်းချကာ မီနီဝက်ဂွန် ကားလေးများကိုအစားထိုးဝယ်ယူလာခြင်းကြောင့်လည်း ထိုကားလေးများမှာ အရောင်းအဝယ်ကောင်းနေသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တစ်ခန်းခွဲပစ်ကပ် (Open Cab,Space Cab) များကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုလိုက်သောကြောင့် ထိုကားများ၏ဈေးများမှာ အနည်းငယ်ကျဆင်းသွားဖွယ် ရှိပြီး ဝယ်လိုအားလည်းမြင့်တက်လာဖွယ်ရှိကြောင်း မော်တော်ယာဉ်တင်သွင်းသူများက ခန့်မှန်းထားကြသည်။

ကားဟောင်းစလစ်ဈေးများမှာတည်ငြိမ်နေပြီး '၁က' အက္ခရာကားများနှင့် သက်တမ်းနှစ်နှစ်ဆယ်ကား များထက် စက်မှုဇုန်ထုတ်ကားများနှင့် တက္ကဆီအပ်ကားများမှာ ပိုမိုအရောင်းအဝယ်ဖြစ်နေကြသည်။ ၂ဝဝ၆ မော်ဒယ် Honda Civic,Toyota Ractis ကားများကို စလစ်ကပ်ပြီးတင်သွင်းနိုင်သည့် သုံးဘီးကားများမှာလည်း အရောင်းအဝယ်ကောင်းမွန်နေသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးကွက်အရ '၁က' အက္ခရာ အမည်ပေါက်တစ်စောင် လျှင် ကျပ် ၆၅ သိန်းဝင်းကျင်၊ စက်မှုဇုန်ထုတ်ဂျစ်ကား အမည်ပေါက်တစ်စောင်လျှင် ကျပ် ၄၂ သိန်းဝင်းကျင်၊ သက်တမ်းနှစ်နှစ်ဆယ် အမည်ပေါက်တစ်စောင်လျှင် ၄၂ သိန်းဝင်းကျင်၊ သုံးဘီးယာဉ်စလစ်တစ်စောင်လျှင် ကျပ် ၂၇ သိန်းဝင်းကျင်နှင့် အငှားယာဉ်စလစ်တစ်စောင်လျှင် ကျပ် ၄၇ သိန်းဝင်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

စလစ်ကြောင့် Mark II ရွှေငါးနှင့် Toyota Crown တို့ လှိုင်းထိပ်ရောက်သွားတဲ့ မန္တလေးကားဈေးကွက်

မိုးနှောင်းကာလဖြစ်သည့် ယခုတစ်ပတ်အတွင်း မန္တလေးကားဈေးကွက်၌ ယာဉ်အို/ဟောင်း စလစ်ဈေး ကွာဟမှုကြောင့် ကားဈေးနှုန်းများသိသာစွာထိုးကျသွားသည့်အတွက် Mark II ရွှေငါးနှင့် Toyota Crown တို့ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

စက်မှုဇုန်ဂျစ်များအပ်နှံခွင့်မပြုခင်က ကျပ်သိန်း နှစ်ရာဝန်းကျင်တွင်ရှိသော ၂ဝဝ၂ မော်ဒယ် Mark II ရွှေငါးမှာ ယခုအခါ ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသည် ဟု ဈေးကွက်အတွင်းမှသိရသည်။အလားတူ ကျပ်သိန်း ၂၅ဝ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သော Toyota Crown မှာ စက်တင်ဘာလတတိယပတ်အတွင်း ကျပ်သိန်း ၂ဝဝ အောက်တွင်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု ကား ဝယ်/ရောင်းများကဆိုသည်။

အပ်ကားစလစ်ဖြင့် ကပ်ပြီးတင်သွင်းရသော ၂ဝဝ၃-၂ဝဝ၄ မော်ဒယ် Alphard ကားသည် ကျပ်သိန်း ၂ဝဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး Brand New Pick-up Toyota ကားများမှာ ကျပ်သိန်း ၁၉ဝ မှ ၂ဝဝ ဝန်းကျင်ဖြင့် ဈေးကွက်တွင်ရောင်းဝယ်လျက်ရှိကြောင်း မန္တလေးကားဈေးကွက်အတွင်းမှသိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ မန္တလေးကားဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျပ် ၃၇ သိန်းဝင်းကျင်တွင် ဈေးကွက်အပြောင်းအလဲမရှိ ငြိမ်သက်နေသည်။ အဆိုပါ ဇုန်ထုတ်ဂျစ်များနှင့်ဆက်စပ်ပြီး မန္တလေးကားဈေးကွက်အတွင်း၌ ကျပ် ၄၅ သိန်းမှ သိန်း ၆ဝ ဝန်းကျင်အတွင်းရှိ Mini Truck (ခွေးဘီလူး) ကား လေးများမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။

လက်ရှိမန္တလေးကားဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံထုတ် ၂ဝ၁၄ မော်ဒယ် ဟိုင်းလတ်အမျိုးအစား Vigo 2 Wheel နှင့် 4 Wheel ကားများလည်း အရောင်းအဝယ်ဖြစ်နေသည်။ ၂ဝ၁၄ မော်ဒယ် Hilux Vigo 2 Wheel ,E Grade မှာ ကျပ် ၂၅၅ သိန်းဝင်းကျင်၊ 2 Wheel,G Grade မှာ ကျပ် ၂၆၅ သိန်းဝင်းကျင်နှင့် 4 Wheel မှာ ကျပ် ၂၉၅ သိန်းဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယင်းဈေးကွက်အတွင်းမှသိရ သည်။

ထို့ပြင် မန္တလေးကားဈေးကွက်အတွင်း ဖရီးပါမစ်ဖြင့်တင်သွင်းလာသောကားများနှင့် စလစ်ကပ်ကားများ မှာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စလစ်ကပ်ကားများတွင် Kluger,Surf,Pardo နှင့် Pajero ကားများအ ရောင်းအဝယ်ဖြစ်ပြီး ဖရီးပါမစ်ကားများတွင် Honda Fit,Toyota Belta,Suzuki Swift ကားလေးများ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

တက္ကစီစလစ်ဖြင့်တင်သွင်းလာသော EE အက္ခရာ Nissan AD Van လေးများမှာလည်း ယခုလအတွင်း မန္တလေးကားဈေးကွက်၌ ကျပ်သိန်း ၈ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကား ဝယ်/ရောင်း များထံမှသိရသည်။

ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုခဲ့သည့် '၁က'အက္ခရာကားများမှာ ကျပ်သိန်း ၆ဝ ဝန်း ကျင်နှင့် '၂က'အက္ခရာကားများမှာ ကျပ် ၅၅ သိန်းဝင်းကျင်ဖြင့် မန္တလေးကားဈေးကွက်အတွင်း ဈေးငြိမ်၍အရောင်းအ ဝယ်လည်းအေးလျက်ရှိသည်။

နှစ်နှစ်ဆယ်ကျော် သက်တမ်းရှိယာဉ်များမှာလည်း မန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၄ဝ ဝန်း ကျင်သာ ဈေးရှိသဖြင့် အရောင်းအဝယ်ဈေးကွက်ပျောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိပုံစံအတိုင်း ကားဈေးကွက်အတွင်း ဈေးနှုန်းများငြိမ်၍ မူဝါဒအပြောင်းအလဲများလည်း ထပ်မံပေါ်ပေါက်ခြင်းမရှိပါက မန္တလေး ကားဈေးကွက်သည် ယခုနှစ်ကုန်ပိုင်းအထိ အရောင်းအဝယ်ပို၍ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ကားဝယ်/ရောင်း အများစုကသုံးသပ်ကြသည်။

Ref: Auto Mobile Journal မှကူးယူဖေါ်ပြသည်။

Author