Full article

**CIF တန်ဖိုးအပြောင်းအလဲကို စောင့်ကြည့်စရာမလိုသော ၁၃ဝဝ စီစီ ကားများ အရောင်းအဝယ်ဖြစ်နေသည့် ရန်ကုန်ကားဈေးကွက်**

၂ဝ၁၅ ခုနှစ်အတွက် CIF တန်ဖိုးသည် နိုဝင်ဘာလမှထွက်ပေါ်လာမည်ဟု သိရှိရသောကြောင့် ယခုရက်ပိုင်းအတွင်း CIF တန်ဖိုးတစ်သောင်းအထက်ကားများ အရောင်းအဝယ်အေးစက်နေသည်။ လာမည့်နှစ် မှစ၍ ၂ဝဝ၃ မော်ဒယ်အောက်ကားများ တင်သွင်းခွင့်မပေးတော့သဖြင့် ၂ဝဝ၂ မော်ဒယ် Toyota Van၊ Caldina (ကြက်တူရွေး)၊ Isuzu Bighorn (ဒီဇယ်)၊ ၂ဝဝဝ- ၂ဝဝ၁ မော်ဒယ် Toyota Land Cruiser ၊ Surf စသည့်ကား များ မှာယူမှုများလာသည်။

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများမှာ CIF တန်ဖိုး အပြောင်းအလဲကို စောင့်ကြည့်နေစရာမလိုသည့်အ တွက် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေသည်။ ငွေကျပ် သိန်း ရှစ်ဆယ်ဝန်းကျင်ဖြင့် မှာယူ၍ရသော Toyota Vitz ၊ Passo ကားလေးများလည်း အရောင်းအဝယ်သွက်နေသည်။ ယခုရက်ပိုင်းအတွင်း အငှားယာဉ်စလစ်ဖြင့် တက္ကဆီကားများ ဝယ်ယူလာသောကြောင့် ယင်းကားများ၏ အရောင်းအဝယ်လည်း ကောင်းမွန်နေသည်။

CIF တန်ဖိုးအပြောင်းအလဲတွင် CIF တန်ဖိုးအမြင့်ကားများ ဈေးအနည်းငယ်ကျဆင်းသွားဖွယ်ရှိသည် ဟု ထင်မြင်သူများက ၂က´ အက္ခရာကားများကို ကြိုတင်စုဆောင်းဝယ်ယူလာကြသည်။ ယခုရက်ပိုင်းအတွင်း ၂က´ အက္ခရာကားများသည် သိန်းခြောက်ဆယ်ဝန်းကျင်သာရှိသောကြောင့် ဝယ်ယူထားပါကလည်း အရှုံးမ ရှိဟု ဝယ်/ရောင်းများက တွက်ချက်ထားသည်။

Brand New Showroom များ များလာသော်လည်း မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေအရ ကားဟောင်းဈေးကွက်မှာ အားကောင်းနေဦးမည်ဖြစ်ကြောင်း ကားအရောင်းစင်တာပိုင်ရှင်များက သုံးသပ်ထား ကြသည်။

`ကားဟောင်းဈေးကွက် တိမ်ကောသွားမှာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံမပြောနဲ့ ဂျပန်လိုနိုင်ငံမျိုးတောင် ကားဟောင်းဈေးကွက်ကရှိနေတုန်းပါပဲ။ ဂျပန်ပြည်တွင်းဈေးကွက်မှာ ကားဟောင်းဈေးကွက်က သူ့အကြိုက်နဲ့ သူ တွင်တွင်ကျယ်ကျယ်ရှိနေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ကားဟောင်းရောင်းတဲ့ကုမ္ပဏီတွေ ၊ လေလံ ကုမ္ပဏီတွေက အားကောင်းနေတုန်းပဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံလို နိုင်ငံမှာလည်း ကားဟောင်းဈေးကွက်က တော့ မပျောက်မပျက်ရှိနေဦးမှာဖြစ်ပါတယ်´ ဟု Golden Future ကားအရောင်းစင်တာမှ မန်နေးဂျင်းဒါရိုက် တာ ဦးမျိုးမြင့်ကပြောသည်။

ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် ခရီးသွားလုပ်ငန်းသုံးကားများဖြစ်သည့် Alphard ၊ Toyota Hiace Commuter စသည့်ကားများ အရောင်းအဝယ်ဖြစ်လာသည်။ထိုကားများ၏ဈေးနှုန်းမှာ Alphard MZG (အင်ဂျင်ပါဝါ ၃ဝဝဝ စီစီ) ၂ဝဝ၃ မော်ဒယ်သည် ၂၈၅ သိန်းဝင်ကျင်၊ Commuter ၁၅ ယောက်စီး ၂ဝဝ၅ မော် ဒယ်သည် ၂၈၅ သိန်းဝင်းကျင် ပေါက်ဈေးရှိနေသည်။

သက်တမ်းနှစ်နှစ်ဆယ်ကားများမှာ ဝယ်လိုအားမြင့်တက်နေသောကြောင့် ဈေးအနည်းငယ်မြင့်တက်နေ သည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးကွက်အရ စက်မှုဇုန်၊ သက်တမ်းနှစ်နှစ်ဆယ် အမည် ပေါက်စလစ်သည် ကျပ် ၄၈ သိန်းဝင်းကျင်၊ တက္ကဆီ အမည်ပေါက်စလစ်တစ်စောင်သည် ကျပ်သိန်း ငါးဆယ် ဝန်းကျင်၊ `၂က´ အက္ခရာအမည်ပေါက် စလစ်တစ်စောင်သည် ကျပ် ၆၃ သိန်းဝင်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပွင့်လင်းရာသီရောက်ချိန် ကားဈေးကွက်မူဝါဒများ တည်ငြိမ်ပါက အရောင်းအဝယ်ဈေးကွက် တက်ရိပ်ပြနိုင်သည့် မန်း ကားဈေးကွက်

တက္ကဆီစလစ်ကပ်ကားများကို ယခုလကုန်အပြီး စလစ်ကပ်ရမည်ဆိုသည့် သတင်းများကြောင့် တက္ကဆီစလစ်ကပ်ကားများနှင့် စလစ်များ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မန္တလေးကားဝယ်ရောင်းဈေး ကွက်အတွင်းမှ သိရသည်။

တက္ကဆီစလစ်များမှာ ကျပ်သိန်းငါးဆယ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စလစ်ကပ်ရန်အ တွက် `ကက၊ခခ´ တက္ကဆီကားများမှာ ကျပ် ၄၆ သိန်းဝင်းကျင်ဖြင့် မန္တလေးကားဈေးကွက်အတွင်း၌ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယင်းသတင်းများကြောင့် စလစ်ကပ်ကားများဖြစ်သည့် စက်မှုဇုန်ထုတ် ဂျစ်ကားများနှင့် တက္ကဆီကားအဖြစ်အသုံးပြုရန်အတွက် AD Van၊ AD Express နှင့် Wingroad ကားများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ ကျပ် ၄၃ သိန်းဝင်းကျင်ဖြင့် ဈေးနှုန်းငြိမ်သက်လျက်ရှိပြီး မန္တလေးကား ဈေးကွက်၌ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ကား ဝယ်/ရောင်းများထံမှ သိရသည်။ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ နံပါတ်အနက် AD van (နွားကြီး) မှာ ကျပ်သိန်း ကိုးဆယ်ဝန်းကျင်၊ နံပါတ်အနီ EE AD Van မှာ ကျပ်သိန်း ရှစ်ဆယ် ဝန်းကျင်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ နံပါတ်အနက် AD Van (နွားလေး) မှာ ကျပ်သိန်း ၈ဝ မှ ၈၅ သိန်း ဝင်းကျင်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ နံပါတ်အနီမှာ ကျပ်သိန်း ၇ဝ မှ ၇၅ သိန်းဝင်းကျင် ဖြင့် မန္တလေးကားဈေးကွက် အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

Wingroad ပါဝါဝင်းဒိုး ဂရိတ်အမြင့်ကားသည် ကျပ်သိန်း ၁ဝ၅ မှ ၁၁ဝ ဝန်းကျင်၊ AD Express နံပါတ်အနက်သည် သိန်း ၁ဝဝ ဝန်းကျင်ကြားနှင့် နံပါတ်အနီဆိုပါက သိန်း ၉ဝ ဝန်းကျင်တွင်အရောင်းအဝယ် ဖြစ်နေသည်။ `Wingroad က အေဒီဗန်ထက် ဂရိတ်မြင့်တယ်၊ ပါဝါဝင်းဒိုးလည်း လေးချက်စလုံးပါတယ်၊ ကား နောက်ခန်းကလည်း ခရီးသည်တွေအတွက်အဆင်ပြေတယ်၊ ဒါ့ကြောင့် ခုနောက်ပိုင်း လူကြိုက်ပိုများလာတယ်´ ဟု မန္တလေးကားဈေးကွက်မှ ကား ဝယ်/ရောင်း တစ်ဦးကပြောသည်။

CIF တစ်သောင်းခွဲအောက် စလစ်ကပ်ကားများဖြစ်သည့် ရွှေငါး၊ တိုယိုတာ Wish၊ Ipsum အမျိုးအစား များသည် မန္တလေးဈေးကွက်တွင် ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အ တွင်းမှသိရသည်။အင်ဂျင်ပါဝါ 2000 CC ရွှေငါးနှင့် Toyota Wish နောက်ဆုံးမော်ဒယ်တို့မှာ ကျပ်သိန်း ၁၄၅ မှ ၁၅ဝ ဝန်းကျင်ဖြင့်လည်းကောင်း၊ Ipsum အမျိုးအစားသည် ကျပ်သိန်း ၁၇ဝ မှ ၁၈ဝ ကြားတွင် အရောင်းအဝယ် ဖြစ်လျက်ရှိသည်ဟုသိရသည်။

ထို့ပြင်သီတင်းကျွတ်ကာလ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သောကြောင့် နယ်ဝယ်လက်များ မန္တလေး ဈေးကွက်အတွင်းဝင်ရောက်လာပြီး အင်ဂျင်ပါဝါအားကောင်းသော 4 Wheel (EFI အင်ဂျင်) အမျိုးအစား ပါဂျဲရိုး ကားများသည်လည်း ဈေးကွက်၌ပြန်လည်ဦးမော့လာပြီဖြစ်သည်။ ကညနမှ နံပါတ်ထွက်ပြီး 2E, 3E အက္ခရာ ပါဂျဲရိုး ယာဉ်မှာ ကျပ်သိန်း ၂ဝဝ အောက်ရှိပြီး နံပါတ် G အက္ခရာဆိုပါက သိန်း ၂ဝဝ အထက်တွင် ဈေးကွက်ရှိ သည်ဟု ဝယ်/ရောင်း များထံမှသိရသည်။ ထို့ပြင်ကားကြောသန့်၍ အမည်ပေါက် အားလုံးအပြီးအစီး ပါဂျဲရိုး တစ်စီးသည် ကျပ်သိန်း ၂၅ဝ မှ ၂၇၅ သိန်းဝန်းကျင်အထိ အရောင်းအဝယ်လိုက်သည်ဟု မန္တလေး ကား ဝယ်/ရောင်း တစ်ဦးက ပြောသည်။

သို့သော လုပ်ငန်းခွင်အသုံးပြုမည် ဖြစ်သောကြောင့် နယ်ဝယ်လက်အများစုက ငွေကျပ်သိန်းနှစ်ရာ အောက် ပါဂျဲရိုးယာဉ်များကိုသာ ပိုမိုအကြိုက်များလာပြီး အရောင်းသွက်ကြောင်းသိရသည်။ ခွေးဘီလူးဟုလူသိ များသည့် ကားအမျိုးအစားဝင် နီဆန်းပစ်ကပ်၊ ဆူဇူကီး၊ Hijet၊ ဟွန်ဒါ မီနီထရပ်၊ မစ်ဆူဘီရှီ စသည်တို့မှာ ယခု တစ်ပတ်အတွင်း ၄၅ သိန်း မှ ၆၅ သိန်းအထိ မော်ဒယ်အလိုက် ကားအမျိုးအစားအလိုက် ဈေးကွက်ရှိသော် လည်း ဈေးမှာအတက်အကျမရှိဘဲ ငြိမ်နေကြောင်းသိရသည်။

နှစ်နှစ်ဆယ် သက်တမ်းအောက် ကားအမျိုးအစားများသည် ကညန ယာဉ်စစ်ဆေးချိန်၌ အခြား ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ်များထက် အခွန်နှုန်းထားကောက်ခံမှုသည် ငွေကျပ်ငါးသောင်း ဝန်းကျင်ခန့် ပိုသည့်အပြင် သက်တမ်းပြည့်မီခြင်း ရှိ၊မရှိ ကို ကညနက စစ်ဆေးပြီး ထောက်ခံချက်ရယူရသောကြောင့် ဇုန် ထုတ်ဂျစ်ကား၏ ဈေးကွက်ကို လိုက်မမီဘဲ ခပ်ထိုင်းထိုင်းသာ အရောင်းအဝယ်ဖြစ်နေကြောင်း ယင်းဈေးကွက်မှ ကား ဝယ်/ရောင်း တစ်ဦးကပြောသည်။

မန္တလေးကားဟောင်းဈေးကွက်၌ စက်မှုဇုန်ထုတ်လိုက်ထရပ်များသည် စီးနင်းအသုံးပြုသူ အများစုဝယ် ယူကြသောကြောင့် ငွေကျပ်သိန်းခြောက်ဆယ်မှ ၆၅ သိန်းဝင်ကျင်ရှိပြီး ကြံ့ခိုင်ပြီး ကားကြောသန့်သည့်ယာဉ် များ ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု ဈေးကွက်မှ စုံစမ်းသိရသည်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်ရာ မော်တော်ယာဉ်နှင့် ပတ်သတ်သည့်မူဝါဒများသည် လက်ရှိအနေအ ထားအတိုင်း တည်ငြိမ်မှုရှိနေပါက ကားဈေးကွက်သည် အနည်းငယ် တက်ရိပ်ပြန်ပြလာနိုင်မည်ဖြစ်ကြောင်း မန္တလေးကားဈေးကွက်မှ ဝယ်/ရောင်း အကျိုးဆောင်များ သုံးသပ်ကြသည်။

Ref: Auto Mobile Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Author