Full article

**CIF အပြောင်းအလဲကို စောင့်ဆိုင်းနေသည့်အတွက် အရောင်းအဝယ်အေးသွားသည့် ရန်ကုန်ကားဈေးကွက်**

CIF အပြောင်းအလဲကို ယခင်နှစ်ထက်ဆောလျင်စွာ ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားသော ကားဝယ်/ရောင်းများအနေဖြင့် လေလံဈေးမြင့်တက်နေခြင်း၊ ဝယ်လိုအားမြင့်တက်နေခြင်းတို့အပေါ်မူတည်ကာ ဈေးကွက်အတွင်းဖြစ်ပေါ်လာမည့် အရှုံးအမြတ်ကိုခန့်မှန်းပြီး CIF အပြောင်းအလဲကို စောင့်ဆိုင်းနေကြကြောင်း ကားဝယ်/ရောင်း များထံမှသိရသည်။

" ဒီနှစ်အတွင်းမှာ CIF ပြောင်းလဲမှုကို ယခင်နှစ်ထက်စောပြီး ထုတ်ပြန်ဖို့အခြေအနေရှိတယ်လို့ သတင်း တွေကြားနေရပါတယ်၊ ဈေးကွက်အတွင်းမှာ လေလံဈေးတွေမြင့်တက်နေတဲ့အတွက် ကားဈေးတွေမြင့်တက်နေ ပါတယ်၊ CIF တန်ဖိုးအသစ်တွေထုတ်ပြန်ပြီးသွားရင်တော့ ကားဈေးတွေပြန်တည်ငြိမ်လာပြီး အရောင်းအဝယ် လည်း ပုံမှန်ပြန်ဖြစ်လာမယ်လို့ ထင်ပါတယ်၊ အခုအချိန်က ကားဝယ်/ရောင်း တွေကြားမှာ အရောင်းအဝယ် အလှုပ်ခတ်ဆုံးကာလဖြစ်ပေမယ့် ဘာလေးဘာအတွင်းမှာကျရောက်နေတဲ့အချိန်ဖြစ်လို့ အရောင်းအဝယ်က အရင်ထက်စာရင် အနည်းငယ်ထိုင်းသွားပါတယ်" ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကား ဝယ်/ရောင်း တစ်ဦးကဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အရောင်းအဝယ်အနည်းငယ်အေးစက်နေပြီး ကားအရောင်းစင်တာ များတွင်လည်း ရောင်းလိုအားများကာ ဝယ်လိုအားနည်းသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း ကားတင်သွင်းသူ တစ်ဦးကဆိုသည်။

CIF တန်ဖိုးအသစ်ထုတ်ပြန်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် ကား အရောင်းစင်တာများတွင် အရောင်းအဝယ်အနည်းငယ်အေးစက်သွားပြီး ဝယ်လက်များအနေဖြင့် လက်ရှိဖြစ်ပေါ် နေသည့်ဈေးကွက်နှင့် အသစ်ထုတ်ပြန်မည့် CIF တန်ဖိုးကိုချိန်ဆကာ စောင့်ကြည့်နေကြကြောင်းသိရသည်။ ထို့အပြင် လေလံဈေးများမြင့်တက်နေခြင်းကြောင့်လည်း ၁၃၅ဝ စီစီအောက်ကားများမှာ ဝယ်လိုအားအနည်း ငယ်ကျဆင်းနေသည့်အတွက် လေလံဈေးများလည်း အနည်းငယ်တည်ငြိမ်သွားကြောင်း ဈေးကွက်အတွင်းမှသိ ရသည်။

စက်တင်ဘာ ၁ ရက်နေ့မှစ၍ သက်တမ်းနှစ်နှစ်ဆယ်ကားများ အပ်နှံခွင့်ပေးလိုက်သော်လည်း စလစ်ဈေးများမှာအတက်အကျမရှိဘဲ တည်ငြိမ်နေခဲ့သည်။ ထို့အတူအောက်တိုလာ ၆ ရက်နေ့မှစ၍ `၂က' အက္ခရာကားများကို အပ်နှံခွင့်ပြုမည်ဆိုပါက စလစ်ဈေး အတက်အကျ မရှိနိုင်ဘဲ ပုံမှန်အတိုင်းသာ အရောင်းအ ဝယ်ဖြစ်ပေါ်နိုင်ကြောင်း ကားတင်သွင်းသူများကသုံးသပ်ထားကြသည်။

ခွေးဘီလူးအုပ်စုဝင် သိန်းငါးဆယ်မှခြောက်ဆယ်ဝန်းကျင် Mini Truck တွေ ဦးဆောင်နေတဲ့ မန္တလေးကားဈေးကွက်

မန္တလေးမြို့ကားဈေးကွက်အတွင်း၌ နံပါတ်အနီကားများဖြစ်သည့် အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ၊ ၁၃ဝဝ စီစီ၊ Nissan AD van များနှင့်မိုဒယ်မြင့်ကားများဖြစ်သည့် Toyota Axio၊ Toyota Fielder ကားများအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးဈေးကွက်အတွင်းမှသိရသည်။

Nissan AD van များမှာ မန္တလေးကားဈေးကွက်အတွင်း၌ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီကားတစ်စီးလျှင် ကျပ် ၇၈ သိန်းဝန်းကျင်၊ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ တစ်စီးလျှင် ကျပ်သိန်း ၇ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျှက်ရှိကြောင်း သိရသည်။

မော်ဒယ်မြင့်ကားများဖြစ်သည့် Toyota Axio နှင့် Toyota Fielder ကားများမှာလည်းမန္တလေးကားဈေး ကွက်အတွင်း၌ ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ လက်ရှိမန္တလေး ကားဈေးကွက်အတွင်း Mini Truck (ခွေးဘီလူး) အုပ်စုဝင်ကားလေးများမှာ ဈေးကွက်အတွင်းကျပ် သိန်းငါးဆယ်မှခြောက်ဆယ်ဝန်းကျင်ဖြင့်အရောင်းသွက်လျက်ရှိပြီးကားဈေးကွက်အတွင်းဦးဆောင်နေကြောင်း ကားဝယ်/ရောင်းများထံမှသိရသည်။

စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ မန္တလေးကားဈေးကွက်၌ စလစ်ကပ်ကားအများစု၏ အကြိုက်ဖြစ်လျှက် ရှိပြီး ကျပ် ၃၇ သိန်းဝန်းကျင်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်းသိရ သည်။ စလစ်ကပ်ကားများဖြစ်သည့် Surf, Pajero, Kluger,RAV4 အမျိုးအစားကားများမှာလည်း ၄င်းတို့ကပ် သည့် စလစ်ဈေးများအရ အနည်းငယ်ဈေးအကျဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ Surf နှင့် Pajero ၉၆၊ ၉၇ အောက် ကားများမှာ ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ Kluger အမျိုးအစားမှာ ကျပ်သိန်း ၂၂ဝ ဝန်းကျင်နှင့် RAV4 အမျိုးအစားမှာ ကျပ်သိန်း ၁၇ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးကားဈေးကွက်အ တွင်းမှသိရသည်။

မန္တလေးကားအရောင်းအဝယ် ဈေးကွက်၌ Free Permit ဖြင့်သွင်းရသည့် ကားများမှာလည်း ၁၃၅ဝ စီစီ အောက်ကားများသာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကျပ်သိန်း ၁ဝဝ ဝန်းကျင်ရှိသော ကားများအရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း မန္တလေးကားဈေးကွက်အတွင်း၌ '၁က' အက္ခရာကားတစ်စီးလျင် ကျပ် ၆၂ သိန်း ဝင်းကျင်၊ စက်မှုဇုန်ထုတ် လိုက်ထရပ်တစ်စီးလျင် ကျပ်သိန်း ၄ဝ ဝင်းကျင်၊ သက်တမ်းနှစ်နှစ်ဆယ်ကားတစ်စီး လျင် ကျပ်သိန်း လေးဆယ်ဝန်းကျင်ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။

" မန္တလေးကားဈေးကွက်ထဲမှာတော့ နှစ်နှစ်ဆယ်သက်တမ်းနဲ့ သုံးဘီးကားတွေဈေးကွက်ပျောက်နေ တယ်။စိတ်ဝင်စားပြီး လာရောင်း/ဝယ်တဲ့သူ သိပ်မရှိပါဘူး၊ အရောင်းအဝယ်မဖြစ်နိုင်တဲ့ဈေးနဲ့ကျတော့ ဘယ်သူ မှမရောင်းချင်ကြပါဘူး" ဟု ကားဝယ်/ရောင်းတစ်ဦးကပြောသည်။

Rekf: Auto Mobile Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author