သယ်ယူပို့ဆောင်ရေးမူဝါဒနဲ့ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများ

0

Full article

ယာဉ်အိုယာဉ်ဟောင်း စီမံချက်အတိုင်း တိုက်ကြေကားများ အပ်နှံခွင့်ပြုရာတွင် အစားထိုးတင်သွင်းရန် တိုက်ကြေစလစ် ထုတ်ပေးမှု ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

တိုက်ကြေကားစလစ်ထုတ်ပေးရာတွင် ပြန်လည်ပြင်ဆင်အသုံးပြုလို့ရတဲ့ တိုက်ကြေကားများကို ယာဉ်အိုယာဉ်ဟာင်းအဖြစ် အပ်ခွင့်မပေးဘဲ တိုက်ကြေစလစ် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသော ကားများကို အစားထိုး ကားသစ်တစ်စီး ပြန်လည်တင်သွင်းခွင့်ပေးရာတွင် အမှန်တစ်ကယ် ထိခိုက်မှုမရှိဘဲ ယာဉ်တိုက်မှုဖြစ်ပွားသကဲ့သို့ လုပ်ကြံဖန်တီး၍ တိုက်ကြေစလစ် ထုတ်ယူမှုများ ရှိနေပါတယ်။

နယ်ယာဉ်အိုယာဉ်ဟောင်း အပ်နှံကားများကို ရန်ကုန်လိပ်စာ မပေးရန် တိုင်းအစိုးရအဖွဲ့က တင်ပြထားရှိပြီး မကြာခင်စတင်သွားမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့ယာဉ်တွေကိုသာ ရန်ကုန်တိုင်းလိပ်စာ ဖြင့်ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားရှိရာ ပြည်နယ်အပ်ကားတွေကို အားလုံး ကန့်သတ်ရတော့မှာဖြစ်တဲ့အတွက် ဝန်ကြီးရုံးကို ဆက်လက်တင်ပြပြီးမှ လုပ်ဆောင်သွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်မောင်းနှင်ရန်အတွက် နံပါတ်အနက်ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် လျှောက်ထားမှုတွေကို ယာဉ်မောင်း သင်တန်းဆင်းလက်မှတ် certificate မလိုတော့ဘဲ ရေးဖြေတိုက်ရိုက် ဖြေဆိုခွင့်ပေးသွားမယ်လို့ မြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ရန်ကုန်တိုင်းတွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုမယ်သူတွေကို သင်မောင်းလိုင်စင် ၃ လ ပြည့်ပြီးပါက နံပါတ်အနက်သို့ပြောင်းလဲရာတွင် ယာဉ်မောင်းသင်တန်းကျောင်း သင်တန်းဆင်းလက်မှတ် certificate ပါမှသာ ဖြေဆိုခွင့်ပြုထားခြင်း ဖြစ်ရာ ယာဉ်မောင်းသင်တန်း တကယ်မတက်ဘဲ သင်တန်း ဆင်းလက်မှတ်ကို ငွေကြေးဖြင့် ဝယ်ယူပြီး လုပ်ဆောင်နေမှုများရှိတဲ့အတွက် certificate ပြသရန်မလိုတော့ဘဲ ဖြေလျှော့ပေးခြင်းဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် ဘူတာကြီးအထိ airport shuttle အထူးယာဉ် အစီး ၅ဝ ပထမဆုံး ပြေးဆွဲပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ က သိရပါတယ်။ ထိုကဲ့သို့ လေဆိပ်မှ ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲပေးမယ့် ယာဉ်လမ်းကြောင်းများက ရန်ကုန်လေဆိပ်ကနေ ရှစ်မိုင်လမ်းဆုံ ၊ ချောတွင်းကုန်းလမ်းဆုံနှင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း အောင်ဆန်းကွင်း ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲပေးမှာဖြစ်ရာ မှတ်တိုင်တိုင်းတွင် ရပ်တန့်ပေးမှာ မဟုတ်ဘူးလို့သိရပါ တယ်။

ရန်ကုန်တိုင်းတွင် ပြေးဆွဲနေသော နယ်လိုင်စင် တက္ကစီကားများကို ရန်ကုန်မြို့ဝင်မည်ဆိုလျှင် မြို့အဝင်တွင် အခွန်ကောက်ခံတဲ့ စနစ်လုပ်ဆောင်သွားမယ်လို့ သိရပါသည်။ ရန်ကုန်တိုင်းယာဉ်ကြောကြပ်တည်းမှုကို အဓိကထားလုပ်ဆောင်နေရာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို ထိရောက်စွာ အရေးယူသွားရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တွင် မောင်းနှင်နေတဲ့ တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ပြီးပါက စိစစ်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြည်တွင်းတွင် SKD နဲ့ CKD စနစ်ထုတ်လုပ်နေသောကားတွေကို Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် သတ်မှတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အာဆီယံနိုင်ငံများကျင့်သုံးတဲ့ standard များနဲ့အညီ ကားထုတ်လုပ်ခြင်းကို Emissions Euro-3 သတ်မှတ်သွားမှာဖြစ်ရာ လုပ်ငန်းသုံးကားကြီးတွေကို အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်တဲ့ Euro -2 အဆင့် သတ်မှတ်သွားနိုင်ရန် ဆွေးနွေးမှုများရှိနေတယ်လို့ သိရပါတယ်။

ကားဈေးကွက်အပြောင်းအလဲများ

လူစီး Mazda Biante ကားများကို လုပ်ငန်းသုံး delivery van အဖြစ် ပြင်ဆင်တင်သွင်းနေမှုသည် ညွန်ကြားချက်မရှိထား၍ လိုင်စင်ထုတ်ပေးနေရပြီး delivery van ယာဉ်အဖြစ် ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးမယ့်သူတွင်သာ တာဝန်ရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ ဂျပန်နိုင်ငံမှ Mazda Biante ကားများ မြဝတီ နယ်စပ်ကနေတစ်ဆင့် တင်သွင်းရာတွင် delivery van သတ်မှတ်ထားသော အချက်အတိုင်း ပြည့်စုံပါက ကားတင်သွင်းခွင့်ပြု လိုင်စင်ပါမစ် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် YBS အမှတ် ၈၃ ယာဉ်လိုင်းသစ် ယခုအပတ်အတွင်း လှိုင်သာယာမြို့နယ် ဗဟိုပြု၍ ယာဉ်အစီးရေ ၈ဝ ဖြင့် စတင်ပြေးဆွဲပေးမယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါတယ်။လှိုင်သာယာမြို့နယ်ကို ဗဟိုပြု၍ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ယခုလကုန်တွင် ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည့် ယာဉ်လိုင်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲမယ့် အထူးယာဉ်လိုင်း ကားအစီး ၅ဝ၊ Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ ယာဉ်လိုင်းကားအစီး ၁ဝဝ နဲ့ ယာဉ်လမ်းကြောင်းအသစ်များ ထပ်တိုးပြေးပေးသွားမယ်လို့ သိရပါတယ်။

နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများနှင့် မမှန်မကန်ကားတင်သွင်းမှုများကို ထိန်းချုပ်ရန် မလုပ်သ၍ ဆိပ်ကမ်းများက ကားသင်္ဘောများနဲ့ တင်သွင်းနေတဲ့သူများ ထိခိုက်လာနိုင်တယ်လို့ ပြည်ပနိုင်ငံမှ ကားတင်သွင်းသူများက ပြောပါတယ်။ မြဝတီနယ်စပ်က လိုင်စင်မဲ့ without ကားတက်သွင်းနေမှုမှာ တစ်ရက်ကို ကားအစီး ၁၅ဝ နီးပါးရှိပြီး ထိုင်းအကောက်ခွန်ကလည်း မြဝတီနယ်စပ်က ကားတင်သွင်းခြင်းကို ယခင်လို ဂိုဒေါင်များတွင် ထားခွင့်မပေးတော့ဘဲ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်သို့ တိုက်ရိုက်တင်သွင်းရန် သတ်မှတ်ထားရာ စက်လှေများဖြင့် တင်သွင်းမှုများရှိနေတယ်လို့ သိရပါတယ်။

၂ဝ၁၈ ဧပြီလတွင် COE စနစ် သတ်မှတ်၍ ရန်ကုန်လိုင်စင် ပြန်ချပေးနိုင်ရန် ကားလောကနားလည်တတ်ကျွမ်းသူများထံကနေ အကြံဉာဏ်ရယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။ ရန်ကုန်တိုင်းအတွက် တစ်နှစ်လျှင် ကားအစီးအရေအတွက် တင်သွင်းထားမှုနဲ့ တိုးပွားလာသော ကားအရအတွက်ကို ချိန်ထိုးတွက်ဆနေပြီး လိုအပ်ချက်ရှိသော အိမ်စီးကားနှင့် လုပ်ငန်းသုံးကား အစီးရေများကို ခွဲခြားမှုပြုလုပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရလုပ်မည့် ကားတင်သွင်းခွင့် Certificate of Entitlement (COE) စနစ်မှာ မြန်မာနိုင်ငံအတွက် မကိုက်ညီဘဲ ရန်ကုန်လိုင်စင်ယူပါက သင့်တင့်သော အခွန်နှုန်းထားစနစ် ကောက်ခံခြင်းဖြင့်သာ ပြုလုပ်ရန်လိုတယ်လို့ ကားတင်သွင်းသူများက ဝေဖန် ပြောဆိုနေကြပါတယ်။

Author