Full article

**Wish, Kluger, RAV4 ကားများဈေးကွက်အတွင်း ဦးဆောင်နေသည့် ရန်ကုန်ကားဈေးကွက်**

ယခုတစ်ပတ်ရန်ကုန်ကားဈေးကွက်အတွင်း CIF တန်ဖိုး ငါးထောင်ဝန်းကျင်ရှိ ကားလေးများဖြစ်ကြ သည့် Toyota Wish, Kluger, RAV4 ကားလေးများမှာ အရောင်းအဝယ်ကောင်းမွန်နေပြီး ယခင်ကဈေးကွက် အတွင်း အရောင်းအဝယ်ကောင်းမွန်နေသည့် ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ ကားလေးများမှာ အရောင်းအဝယ်အနည်း ငယ်သာဖြစ်ပေါ်လျက်ရှိကြောင်း ကား ဝယ်/ရောင်း များမှဆိုသည်။

`အရောင်းအဝယ်က ကောင်းတယ်လို့ပြောလို့ရတယ်၊ စလစ်ကပ်ကားလေးတွေကတော့ ဒီရက်ပိုင်းမှာ ပိုပြီးအဝယ်လိုက်လာတယ်၊ ပွိုင့်သရီး၊ ပွိုင့်ဖိုက် ကားတွေကျတော့ ဒီရက်ပိုင်းမှာ နည်းနည်းလေးအေးသွားတယ်၊ စလစ်ဈေးကတော့ စလစ်ကပ်ကားတွေရောင်းရရင် တက်နေဦးမှာပဲ၊ ဒီနှစ်မကုန်ခင်အထိတော့ အရောင်းအဝယ် ကောင်းနေဦးမှာပါ´ ဟု သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းတစ်ဦးကဆိုသည်။

၂ဝ၁၅ ခုနှစ်အတွင်း ကားဟောင်းအပ်နှံပြီး အစားထိုးယာဉ်ပြန်လည်တင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း များ လျှော့ပေါ့ပေးမည်မဟုတ်သောကြောင့် စလစ်ကပ်ကားများမှာ CIF တန်ဖိုးများပေးဆောင်ရသည့် အခွန်ပ မာဏအပေါ် မူတည်၍ အရောင်းအဝယ်အေးစက်သွားနိုင်ကြောင်း သိရသည်။ ထိုသို့ CIF တန်ဖိုးများသည့် ကားလေးများမှာ ပေးဆောင်ရသည့်အခွန်ပမာဏ များနိုင်သည့်အတွက် ယခုနှစ်မကုန်ခင်ဝယ်ယူထားသင့်ပြီး စလစ်ဈေးများမှာလည်း ယခုနှစ်မကုန်ခင်အချိန်ထိ ကျဆင်းသွားဖွယ်မရှိကြောင်း ကားတင်သွင်းသူများက သုံး သပ်ထားကြသည်။

"စလစ်ကပ်ကားတွေကတော့ ဒီတစ်ပတ်တော်တော်လေး အရောင်းအဝယ်ကောင်းတယ်။ CIF တန်ဖိုး ငါးထောင်ဝန်းကျင်ရှိတဲ့ကားတွေကတော့ ဈေးနှုန်းကွာဟချက် ကြီးကြီးမားမားမရှိနိုင်လောက်ဘူး။ ကညန ကအ ခွန်လျှော့မပေးဘူးဆိုပေမယ့် နောင်နှစ်ကျရင် အပ်ကားကနည်းတဲ့အတွက် ဂျစ်စလစ်ဈေးတွေကတော့ ပြန်ကျ နိုင်တယ်။ နောင်နှစ်အတွက် ၂ဝဝ၃၊၂ဝဝ၄ မော်ဒယ်ကားတွေကတော့ သိပ်ပြီးကြီးကြီးမားမား မပြောင်းလဲနိုင် ဘူး။ နောင်နှစ်ဆိုရင် CIF တန်ဖိုးမြင့်တဲ့ကားတွေ အခွန်ဆောင်ရတာများလာနိုင်တဲ့အတွက် တန်ဖိုးမြင့်ကားတွေ ကို ဒီနှစ်ထဲမှာ ဝယ်ထားရင်တော့အကောင်းဆုံးပဲပေါ့။ စလစ်ဈေးကတော့ ဒီနှစ်ထဲမှာမကျနိုင်လောက်ဘူး။ တက်လည်းငါးသိန်းပေါ့။ ၂ဝ၁၅ ရောက်ရင်တော့ ထွက်လာမယ် CIF တန်ဖိုးကို ကြည့်ပြီးမှ ကားအရောင်းအ ဝယ်ဈေးကွက်ကို ခန့်မှန်းလို့ရမှာပါ" ဟု 'ဝန်းရံခ ကားအရောင်းစင်တာ' မှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းမင်း မောင်က ဆိုသည်။

၂ဝ၁၅ ခုနှစ်အတွက် CIF တန်ဖိုးအသစ်များ ယခုနှစ်မကုန်ခင်ထွက်ရှိလာမည်ဟု သတင်းများထွက်ပေါ် လာပြီး နောက်ပိုင်းတွင် အမြင့်ကားဝယ်ယူသူများအနေဖြင့် မဝယ်ယူကြသေးဘဲ အခြေအနေတစ်ရပ်ကို စောင့် ကြည့်နေကြသည်။ ၁၃၅ဝ စီစီ အောက် ကားလေးများမှာ ဝယ်လိုအားအနည်းငယ်ကျဆင်းနေသည့်အတွက် လေလံဈေးများမှာလည်း အနည်းငယ်တည်ငြိမ်နေပြီး အင်ဂျင်ပါဝါ ၆၆ဝ စီစီအောက် ကားလေးများမှာမူ ဈေး ကွက်အတွင်း အရောင်းအဝယ်အေးစက်လျှက်ရှိကြောင်း ကား ဝယ်/ရောင်း များကဆိုသည်။

"ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ခရီးသွားမယ့်သူတွေအတွက်လည်း အဆင်ပြေ၊ အကြမ်းလည်းခံ မယ့်ကားလေးတွေကတော့အရောင်းအဝယ်ကောင်းတယ်။ Kluger, RAV4, Ipsum, Alphard လိုကားတွေပေါ့။ ဒီကားတွေထဲမှာလည်းနှစ်မျိုးရှိတယ်။ 2WD နဲ့ 4WD၊ အဝယ်တွေကတော့ 2WD တွေဝယ်တာများတယ်။ နယ် အဝယ်တွေလည်း ထင်သလောက်ဆင်းမလာသေးဘူး။ Track တွေလည်း အရောင်းအဝယ်ဖြစ်တယ်။ ၁၃၅ဝ စီစီ အောက်ကားတွေကတော့ အရောင်းပဲရှိတယ်။ အဝယ်နည်းတယ်။ 4WD ကားတွေကတော့ အရောင်းအ ဝယ်ဖြစ်တာနည်းသွားတယ်။ စလစ်ကပ်ကားတွေ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် အရင်ထက်စာရင်တော့ ကောင်းလာတယ်လို့ပြောလို့ရတယ်။ ၂ဝဝ၂၊ ၂ဝဝ၃ မော်ဒယ်ကားတွေဖြစ်တဲ့ ရွှေငါးတို့ Allion ၊ Fielder ကား လေးတွေကို နောက်ပိုင်းဝယ်စီးတာများလာတယ်" ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကား ဝယ်/ရောင်း တစ် ဦးကဆိုသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသောစလစ်ဈေးများအရ စက်မှုဇုန်ထုတ် အမည်ပေါက် စလစ်တစ် စောင်လျှင် ကျပ် ၄၉ သိန်းဝန်းကျင်၊ ၁က´၊ ၂က´ အက္ခရာကားများသည် ကျပ် ၅၉ သိန်းဝင်းကျင် တက္ကစီ စလစ်တစ်စောင်လျှင် ကျပ် ၄၈ သိန်းဝန်းကျင်နှင့် သက်တမ်းနှစ်နှစ်ဆယ်ကားများသည် ကျပ် ၄၆ သိန်းဝင်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စလစ်လှိုင်းစီးတဲ့ မန္တလေး ကားဈေးကွက်

လာမည့် ၂ဝ၁၅ ခုနှစ်၌ ၂ဝဝ၃ မော်ဒယ်အောက်ကားများကို တင်သွင်းခွင့်မပြုတော့သည့်အတွက် ယခု တင်သွင်းထားသော ၂ဝဝ၃ ခုနှစ်အောက်ကားများသည် ယခုနှစ်အကုန်တွင် စလစ်အပြီးကပ်ရမည်ဖြစ်၍ စလစ် ကပ်ကားများဖြစ်သည့် စက်မှုဇုန်ထုတ်ဂျစ်ကားများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မန္တလေး ကား ဝယ်/ရောင်း ဈေးကွက်မှသိရသည်။

မန္တလေးကားဈေးကွက်၌ စက်မှုဇုန်ထုတ်ဂျစ်ကားများမှာ ကျပ် ၃၇ သိန်းမှ ယခုတစ်ပတ်အတွင်း ကျပ် ၄၃ သိန်းခွဲသို့ ရောက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ စလစ်ကပ်ကားအများစုတွင် ဒေါ်လာ တစ်သောင်းခွဲအောက်ကားများဖြစ်သည့် Pajero၊ Prado၊ Surf၊ Kluger၊ Wish၊ Axio အစရှိသည့် ကားများမှာ လည်း မန္တလေးကားဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပြုသည့် ၁က´၊၂က´ အက္ခရာယာဉ်များမှာ မန္တလေးကား ဈေးကွက်အတွင်း၌ ယခင်က ကျပ် ၅၉ သိန်းဖြင့်အရောင်းအဝယ်ဖြစ်နေရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၇ သိန်း ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေအထားအေးလျက်ရှိကြောင်း သိရသည်။

နှစ်နှစ်ဆယ် သက်တမ်းရှိကားများမှာ မန္တလေးကားဈေးကွက်အတွင်း ကျပ် ၄၅ သိန်းမှ ကျပ် ၄၇ သိန်း ဝင်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အငှားယာဉ်(တက္ကစီ) တင်သွင်းသူ အများစု ဝယ်ယူအသုံးပြုလျက် ရှိကြောင်း သိရသည်။တက္ကစီ စလစ်ပြုလုပ်ရန်အတွက် ယခင်နံပါတ်အနီပြုလုပ်ထားသော ကက´၊ခခ´ ဆ လွန်းကားလေးများမှာ မန္တလေးကားဈေးကွက်အတွင်း၌ ကျပ် ၄၇ သိန်းမှ ၄၈ သိန်း ဝင်းကျင်ဖြင့် အရောင်းအ ဝယ် ဖြစ်လျက်ရှိကြောင်း ကား ဝယ်/ရောင်း အကျိုးဆောင်တစ်ဦးထံမှ သိရသည်။

ခွေးဘီလူးကားများဖြစ်သည့် Suzuki ၊ Hijet၊ Mitsubishi ၊ Honda အစရှိသည့် ကားများမှာလည်း မန္တ လေးကားဈေးကွက်အတွင်း၌ အရောင်းအဝယ်ကောင်းလျက်ရှိပြီး ဈေးနှုန်းမှာ ကျပ် သိန်းငါးဆယ်မှ ငါးဆယ့်ငါး သိန်းဝင်းကျင်ရှိကားများ ပို၍အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံထုတ် Vigo(G Grade) ၂ဝ၁၄ မော်ဒယ်၊ အင်ဂျင်ပါဝါ ၂၅ဝဝ စီစီ ပစ်ကပ်ကားမှာ ကျပ်သိန်း ၂၈ဝ ဝန်းကျင်၊ Vigo (E Grade) အင်ဂျင်ပါဝါ ၂၅ဝဝ စီစီမှာ ကျပ် ၂၆၅ သိန်းဝင်းကျင်၊ အင်ဂျင်ပါဝါ ၃ဝဝဝ စီစီ Manual Gear Vigo မှာ သိန်း ၃၁ဝ ဝန်းကျင်ဖြင့် မန္တလေးကားဈေးကွက်အတွင်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

"ကားစီးတဲ့သူတွေက အသစ်ဆိုရင် ကီလိုကို သုညကပဲ စီးချင်းကြတာ၊ မောင်းသွင်းတဲ့ကားတွေဆိုပေ မယ့် သင်္ဘောစားရိတ်ပဲသက်သာတာလေ၊ လုံးဝအသစ်စီးချင်တဲ့သူက ဒီစားရိတ် ၁၅ သိန်းလောက်ကို မကြည့် တော့ဘူး၊ ဒီကိုမောင်းလာလို့ ကီလိုတစ်ထောင်ကျော်တွေဖြစ်ကုန်ရင် အသစ်တို့ပြောလို့မရတော့ဘူး၊ အခုအထိ တော့ ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်တော့ မဖြစ်သေးဘူး၊ လောလောဆယ်ရှိပြီးသား ကားလေးတွေကိုပဲ အရောင်းအဝယ်ဖြစ်နေပါတယ်" ဟု ဝါရင့်ကား ဝယ်/ရောင်း တစ်ဦးက ထိုင်းနိုင်ငံမှ တိုက်ရိုက်မောင်းသွင်းနိုင် သည့် Vigo အမျိုးအစား ကားအရောင်းအဝယ် အခြေအနေကို ပြောပြသည်။

မန္တလေးကားဈေးကွက်အတွင်းမှ ကား ဝယ်/ရောင်း များမှာ ၂ဝ၁၅ ခုနှစ်တွင် ထွက်ရှိမည့် CIF တန်ဖိုး အား စောင့်ကြည့်သွားမည်ဖြစ်ပြီး ယင်းတန်ဖိုးထွက်ရှိလာပါက ကားအရောင်းအဝယ်အခြေအနေမှာ ယခုထက်ပို ၍တည်တည်ငြိမ်ငြိမ်ဖြစ်ကာ အရောင်းအဝယ်အခြေအနေ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ကြ သည်။

Credit: Auto Mobile Journal မှ ထုတ်နှုတ်ဖေါ်ပြသည်။

Author