တစ်ပတ်အတွင်း သတင်းများ

0

Full article

သယ်ယူပို့ဆောင်ရေးမူဝါဒနဲ့ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများ

ကရိန်းကားဖြင့်ဆွဲ၍ ရန်ကုန်တိုင်းအတွင်း ဖြူနီကျားတွင် ရပ်နားထားသောကားများ၊ ယာဉ်မရပ်ရပ်နေရာများနှင့် စည်းကမ်းမဲ့ ရပ်နားထားသောယာဉ်များကို ထိရောက်စွာ အရေးယူမှုများ စတင်ပြုလုပ်တော့မှာဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်း ယာဉ်မရပ်ရနေရာများ တွင် ရပ်နားထားသောယာဉ်များ၊ ယာဉ်နှစ်ထပ်ရပ်တန့်ထားသောယာဉ်များ၊ ဖြူနီကျားရေးဆွဲထားသည့် နေရာများတွင် ရပ်နားထားသောယာဉ်များနဲ့ အချက်ပြမီးပွိုင့်ဧရိယာအတွင်း နှစ်ထပ်ရပ်ထားသောယာဉ်များကို မော်တော်ယာဉ် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်သွားတော့မယ့်အကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးသတင်းထုတ်ပြန် ထားပြီးဖြစ်ပါတယ်။

CCTV ကင်မရာများ ကို ရန်ကုန်မြို့တွင်း စည်ပင်သာယာ နယ်နမိတ်အတွင်း YBS ဘတ်စ်ကားမှတ်တိုင်ပေါင်း ၃၅ဝ တွင်တပ်ဆင်၍ ပြန်လည် ပြုပြင်ပြီးအဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူရာတွင် ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ JC DECAUX တင်ဒါအောင်မြင်ခဲ့ပါ တယ်။

ရန်ကုန်တိုင်းအတွင်းရှိ အဌားယာဉ် တက္ကစီများ ကို ယာဉ်ကြံခိုင်မှုရှိ၊ မရှိ စက်ကိရိယာ ၆ မျိုးအနက် side slip tester ဖြင့်စစ်ဆေးရာတွင် ကားအများစုမှာ အလိုင်းမန့်နဲ့ မီးခိုးထွက်ရှိမှု မမှန်သည်ကို တွေ့ရပါတယ်။ တက္ကစီများ စက်ကိရိယာ အမျိူးအစား ၆ မျိူး ဖြင့် စစ်ဆေးရာတွင် မအောင်မြင်ပါက ဝပ်ရှော့များတွင် ပြန်လည် ပြင်ဆင်ပြီးမှ ယာဉ်များကို ထပ်မံစစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

အဆင့်မြင့်တိုးဂိတ်များ ကို ရန်ကုန်တိုင်းအဝင် မြို့နယ် (၁၁) မြို့နယ်တွင် မတ်လ၌ စတင်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့အဝင် စည်ပင်သာယာနယ်နမိတ်ပြင်ပတွင် အဆင့်မြင့်တိုးဂိတ်များ တည်ဆောက်သွားမယ့် မြို့နယ် (၁၁) မြို့နယ်မှာ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ထန်းတပင်မြို့နယ်များဖြစ်ပါတယ်။ ထိုကဲ့သို့ အဆင့်မြင့် မြို့ဝင်တိုးဂိတ်များ ဆောက်လုပ်ရန်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူမှု ပြုလုပ်ကာ မတ်လအတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။

YBS စနစ် ၁ နှစ်ပြည့်သော်လည်း အောင်မြင်မှုမရှိဘဲ ယာဉ်လိုင်းအများ အရှုံပေါ်နေလျက်ရှိကာ ရေရှည်ရပ်တည်ရန် ခက်ခဲလာပါတယ်။ YBS ယာဉ်များတွင် ငွေ့ထည့်ပုံးများထားရှိရန် သတ်မှတ်ထားသော်လည်း ယာဉ်စီးခကို စပါယ်ယာများက လိုက်လံကောက်ခံမှုများနဲ့ စည်းကမ်းမဲ့ အပြိုင်အဆိုင် အလုအယက်မောင်းနှင်မှုများရှိနေသေးရုံမျှမက အဲယားကွန်းတပ်ဆင်ထားသောကားများမှာ အဲယားကွန်းများမဖွင့် ဘဲမောင်းနှင်နေတဲ့ ယာဉ်များစွာ ရှိနေပြီး အရေးယူမှုလည်း အားနည်းနေသေးပါတယ်။

လမ်းပေါ်၌ သွားသော လိုင်စင်မဲ့ကားများ ကိုသာ စစ်ဆေးဖမ်းဆီးမှုရှိပြီး ခြံဝန်းများအတွင်း ဝင်ရောက်ဖမ်းစီး စစ်ဆေးမှု လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ လမ်းမများပေါ်တွင်သွားလာနေသော ကားများကိုလည်း လိုင်စင်မဲ့ Without ကားဟုတ်၊ မဟုတ် ဖမ်း ဆီးစစ်ဆေးရာတွင် ကားရဲ့ ပုံသဏ္ဍန်နဲ့ ယာဉ်နံပါတ်များကို ကြည့်ရှု၍ မသင်္ကာပါက စစ်ဆေးမှုပြုလုပ်နေပါတယ်။

ကားဈေးကွက်အပြောင်းအလဲများ

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများမှ တင်သွင်းထားသော လူစီးကားများနှင့် လုပ်ငန်းသုံးကားများကို ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြု ပေးသွားရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှု ကော်မတီအတွင်း ဆွေးနွေးထားပါတယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းယာဉ်မှလွဲ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို ရပ်ဆိုင်းထားခဲ့တာဟာ ၂ နှစ်ခန့် ကြာမြင့်နေခဲ့ပြီး ရန်ကုန်လိုင်စင်အား နည်းလမ်းတစ်ခုဖြင့် ပြန်လည်ခွင့်ပြုပေးရန် လိုအပ်နေကြောင်း ကားအရောင်းပြခန်းများနှင့်ကားအရောင်းအဝယ်ပြုလုပ်နေသူများက မျှော့်လင့်နေလျှက်ရှိနေပါတယ်။

Excel KC Myanmar ကုမ္ပဏီ ကို YBS ကားများတွင်ယာဉ်စီးခပေးချေသည့် ကဒ်စနစ် တင်ဒါအောင်ကုမ္ပဏီအဖြစ် ဇန်နဝါရီ ၁ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ရွေးချယ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ YBS ကဒ်စနစ် တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီနဲ့ စာချူပ်စာတမ်းညှိနှိုင်းမှုအတွင်း အကြောင်းတစ်စုံတရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပျယ်ခြင်းရှိခဲ့လျှင် ကျန်ရှိတဲ့ စကာတင် ကုမ္ပဏီ နှစ်ခုအနက်မှ တစ်ခုကို ထပ်မံစိစစ်ရွေးချယ်၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

ပြည်ပက ကားတင်သွင်း ရာတွင် ငွေဖြူပြသလိုပါက လစာငွေဖြစ်လျှင် မြန်ဆန်သော်လည်း ကုမ္ပဏီ ဝင်ငွေရလမ်း ပြသလျှင် အချိန် ၃ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားဖြစ်ပါက ယခင် ကားဟောင်းဖြစ်သော အခွန်းစိမ်း စာရွက် ပတခ၊ ဝငခ နဲ့ အပ်နှံထားသော သံရည်ကျို စလစ် ပုံစံ (ဃ) များပြသပါက ၆သိန်း ခန့်နုတ်ယူခံစားခွင့်ပြုပြီး ဝင်ငွေရလမ်း ငွေဖြူပြသသော လုပ်ငန်းဆောင်ရွက်ပေးသော ရုံးမှာ ၃၅လမ်း ကျောက်တံတားမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနတွင် လုပ်ငန်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

COE စနစ် မဟုတ်ဘဲ အခွန်စနစ်ဖြင့် အိမ်စီးကားနဲ့ လုပ်ငန်းသုံး ကားများအတွက်ပါ ရန်ကုန်လိုင်စင် ပြန်ချပေးရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့အတွင်း ဆွေးနွေးထားပါတယ်။ ရန်ကုန်တိုင်းအတွက် တစ်နှစ်လျှင် ကားအစီးရေ မည်မျှတင်သွင်းထားရှိတဲ့ အရေအတွက်နဲ့ တိုးပွားလာသော ကားအရေအတွက်ကို ချိန်ထိုးတွက်ဆနေပြီး ထိုကားများထဲတွင် အိမ်စီးကားနှင့် လုပ်ငန်းသုံးကားများ ဟူ၍ ခွဲခြားမှု ပြုလုပ်နေပါတယ်။ လက်ရှိတွင် ရန်ကုန်လိုင်စင်ရယူလိုပါက ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစားထိုးတင်သွင်းခြင်းဖြင့် ရရှိနေသော်လည်း Brand New ကားအရောင်းပြခန်းဖွင့်လှစ်ထားသူများမှာလည်း ရန်ကုန်လိုင်စင်ကို မရရှိတဲ့အတွက် ငွေကြေးများစွာရင်းနှီးထားရပြီး အဆင်မပြေမှုများဖြစ်ပေါ်နေပါတယ်။

Author