တစ်ပတ်အတွင်း တပတ်ရစ်ကားဈေးကွက်အပြောင်းအလဲများ

0

Full article

ယခု အပတ်တွင် ကားဈေးကွက်အတွင်း ပမာဏအတော်အသင့် သက်ရောက်နိုင်သော သတင်းနှစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။ ပထမတစ်ခုမှာ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအနက် အင်ဂျင် ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိ ကားများကို အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၁ဝ ရာခိုင်နှုန်းအထိ လျော့ချကောက်ခံရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက် သည့်သတင်းနှင့် ရန်ကုန်လိုင်စင် (YVQC) လက်မှတ်စနစ်မှာ ငွေကြေးဖြင့် ရောင်းချပေးရသော လက်မှတ်စနစ် ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ရာ ယခင်စတင်ရန် လျာထားသည့် ဧပြီလ ၁ တွင် စတင်နိုင်ဦးမည်မဟုတ်သည့်သတင်းတို့ဖြစ်သည်။ သို့သော် အဆိုပါ သတင်းနှစ်ခု စလုံးသည် ကားသစ်ဈေးကွက်နှင့်သာ သက်ဆိုင်ပြီး ကားဟောင်းဈေးကွက်နှင့် လားလားမျှ မပတ်သက်ပေ။ ဆိုလိုသည်မှာ တပတ်ရစ်ကားဈေးကွက်တွင် အစိုးရ၏ မူဝါဒအပြောင်း အလဲများသည် ဘာမှ သက်ရောက်ခြင်းမရှိဟူလို။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရပါသနည်း။ မေးစရာ၊ တွေးစရာ များစွာရှိပါသည်။ ပထမဦးဆုံးအချက်မှာ အစိုးရ၏ ဘယ်ကိုင်း၊ ညာကိုင်းမူဝါဒအပြောင်းအလဲများအကြား တပတ်ရစ်ကားများအရောင်းအဝယ်မှာ မနှစ်ကထက်စာလျှင် လွန်စွာ နည်းပါးသွားပေသည်။ မနှစ်ကထိ တပတ်ရစ်ကားဝယ်ရောင်းလုပ်သူများ က ဈေးကွက်ကို ခန့်မှန့်တွက်ချက်လို့ရနိုင်သည့် အနေအထားရှိနေရာမှ ယခုအခါတွင်တော့ ထိုအနေ အထားမျိုးမရှိ တော့ပေ။ လှိုင်၊ သီရိမင်္ဂလာဈေး ကားပွဲစားတန်းများတွင် လာရောက်ဝယ်ယူမှုမှာ ကွက်ကျားကွက်ကျားပင်ရှိတော့ပေသည်။ ယခင်က နှစ်ကုန်လျှင် ၁ဝ သိန်းလောက်သာ လျော့ရောင်း နေရာမှ ယခု ညှိရောင်းရသည်ပုံစံမျိုးရှိလာလေပြီဖြစ်သည်။ မရှုံးဘူးဆိုလျှင်တောင် အမြတ်အနည်း အကျဉ်းသာရသည်ဆိုရုံဖြင့် ရောင်းချနေရခြင်းမျိုးဖြစ်သည်။ ရောင်းချင်သည့် ကားအမျိုးအစားများစွာ ရှိလာပြီး ဈေးကြီးလာသည့်အတွက် အရောင်းအဝယ်မှာ တဖြည်းဖြည်းချင်းပါးလာသည့် အခြေအနေ မျိုးဖြစ် နေသည်။ မနှစ်က ဆိုလျှင် သင်္ကြန်အတွက် ကားများဝယ်ယူမှုရှိခဲ့သော်လည်း ယခုနှစ်တွင် မူဝါဒနှင့် အခြားသော စီးပွားရေးသက်ရောက်မှုများကြောင့် အရောင်းအဝယ်နည်းပါးလျက်ရှိနေသည်။

ယခင် စလစ်ကပ်ကား၊ free permit ကားများ မျှတစွာရောင်းရသော်လည်း ယခုနှစ်တွင် စလစ်ကပ် ကားများကိုအနည်းအကျဉ်းသာရောင်းရပြီး free permit ကားများ မရောင်းရသ လောက်နီးနီး ဖြစ်နေတော့သည်။ _ Toyota crown carနှင့် _ Toyota Mark 2အစရှိ်သည့် _ Toyota Myanmar အုပ်စုဝင်ကားများနှင့် Honda fit ကားတို့မှာ ယခုအပတ်အတွင်း အရောင်းအဝယ်ဖြစ်လာလျက်ရှိသည်။ တစ်ခုထူးခြားသည်မှာ ယခုအပတ်အတွင်း မော်ဒယ်နိမ့်ကားများ သိပ်အရောင်းအဝယ် မသွက်ဖြစ်နေ သည်။ အစိုးရ၏ ဘယ်မောင်း၊ ညာမောင်းမူဝါဒအပြောင်းအလဲကြောင့်မဟုတ်ဘဲ မော်ဒယ်အမျိုး အစားကိုသာ သုံးစွဲသူများက ကြည့်ပြီး ဝယ်ယူမှုများရှိနေသည်။ ၂ဝဝ၃ နှင့်အထက် _ Toyota Wish ဆိုလျှင် ရောင်းတန်းဝင်သည့် ကားအမျိုးအစား အဖြစ်ဆက် လက်ရှိနေပြီး ၂ဝဝ၃ အောက်ပိုင်း မော်ဒယ်များဆိုလျှင် လူတွေ မဝယ်လာကြသည်ကိုတွေ့ရသည်။ ဧရာဝတီဘဏ်ကတဆင့် ချေးပြီးဝယ်လျှင်တောင် ၂ဝဝ၄ အောက်ပိုင်းမော်ဒယ်အမျိုးအစားကားများကို ပိုက်ဆံထုတ်မချေးသည့် အချက်ကလည်း မော်ဒယ်နိမ့်ကားများ အရောင်းအဝယ်ပါးလာစေသည့် အကြောင်းအရင်းမှာ ပါဝင်နိုင်ပါသည်။

နောက်ဆုံးအချက်မှာ ပြည်သူများသည် သိန်း ၂ဝဝ ကျော်ဖြင့် ရရှိနိုင်သည့် Suzuki Ciza ကားသစ်များကို ရွေးချယ်ဝယ်ယူမှုများ ပိုမိုများလာလျက်ရှိသည်။ အစိုးရမူဝါဒသစ်ကြောင့် တပတ်ရစ် ကားဈေးကွက်အတွင်း ဂျပန်ကားများ တင်သွင်းမရသည့် အခြေအနေမျိုးဖြစ်လာခဲ့လေပြီ။ ဒူဘိုင်းကဲ့သို့ နိုင်ငံများကတဆင့် ၁.၃ cc Toyota Yarisလိုမျိုး၊ Nissan quarto ကားမျိုး တင်သွင်း မှုမျိုးတော့ ရှိပါသည်။ အစိုးရ၏ ကားမူဝါဒသစ်အရ ဂျပန်ကားဆိုလျှင် လုပ်ငန်းသုံးဖြစ်သည့် Pickup၊ dyan များသာ တင်သွင်းလို့ရနိုင်ကြောင်း ဖော်ပြရင်း ယခုသီတင်းပတ်ကားဈေးကွက်အခြေအနေကို သုံးသပ် ရေးသားလိုက်ပါသည်။

Market (Used Car)

Author