Water Taxi အရည်အသွေးကို လွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်လိုက်ပြီး အရည်အသွေးမမှီပါက လုံးဝ ခွင့်မပြုဟု ဒေါ်နီလာကျော် ဆို

0

Full article

![](/redline/content/images/2017/05/egegehhh-300x169.jpg)

ပြည်ပမှ မှာယူထားသည်ဆိုသော သင်္ဘောများ မရောက်သေးခင် ပြည်တွင်းထုတ်များကိုသာ သုံးပြီး Water Taxi ကိုပြေးဆွဲခွင့်မပြုသင့်ကြောင်းနှင့် အရည်အသွေးပြည့်မီမှု ရှိမရှိကို မည်သို့တာဝန်ယူစစ်ဆေးမည်ဆိုသည့်အချက်ကို သိလိုကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးခွန်းထုတ်လိုက်ပြီး အရည်အသွေးမမီ ပါက လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆိုခဲ့သည်။ မေလ ၂၂ ရက်က ကျင်းပခဲ့သော တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ဇွန်လတတိယပတ်တွင် စတင်ပြေးဆွဲမည်ဆိုသော Water Taxi အတွက် တင်ဒါမည်ကဲ့သို့ခေါ်ယူခဲ့သည်ဆိုသောအချက်အပါအဝင် ရေလမ်းခရီးကိုအသုံးပြုနေရသောပြည်သူများအတွက် ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် တင့်တင့်မြန်မာကုမ္ပဏီပိုင်ရေယာဉ်များမှ မည်ကဲ့သို့ဆောင်ရွက်ထားသနည်းဟုသော အချက်များကို ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့သည်။ " YRTA ရဲ့တာဝန်ရှိသူ တစ်ယောက်ပြောကြားချက်နဲ့ တင်ဒါအောင်တဲ့လုပ်ငန်းရှင်ရဲ့ပြောကြားချက်က အနည်းငယ်ကွာဟမှု ရှိနေတာတွေ့ရပါတယ်။ YRTA က ခရီးသည် ၅ဝ မှ ၆ဝ တင်ဆောင်နိုင်တဲ့ရေယာဉ်များနဲ့ပြေးဆွဲမယ်။ ဆိပ်ကမ်းများကိုလည်းပြင်ဆင်ရန် လေ့လာနေပါတယ်လို့ ပြောကြားထားသော်လည်း ရင်းနှီးမြုပ်နှံမယ့် ကုမ္မဏီဘက်က ပြောကြားချက်ကတော့ သင်္ဘောတွေကို Thai ၊ Jordan ၊ Australia နိုင်ငံတို့မှဝယ်ယူမှာဖြစ်ပြီး လူဦးရေ ၁၃ဝ မှ ၃ဝဝ ဆန့်သင်္ဘောများနဲ့ပထမအဆင့်အနေဖြင့် သင်္ဘော(၂၅)စင်းမှ (၃၅) စင်းကြား ပြေးဆွဲမှာဖြစ်ကြောင်း၊ နိုင်ငံခြားနည်းပညာရှင်များနဲ့သင်္ဘောကပ္ပတိန်အပါအဝင် ဝန်ထမ်းပေါင်း ၄ဝဝ ကျော်နဲ့လက်ရှိဝန်ထမ်း ၂ဝဝ တို့မှာ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း၊ သင်္ဘောတစ်စင်းရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ သန်းရှိပြီးပြည်ပမှာ သင်္ဘောများမှာယူထားတဲ့အပြင် ပြည်တွင်းမှာလည်း အလူမီနီယံ သင်္ဘောအစင်း(၂ဝ) ဆောက်လုပ်နေတယ်လို့ ပြောကြားထားပါတယ် " ဟု ဒေါ်စန္ဒာမင်းက လွှတ်တော်တွင်မေးမြန်းသည်။ ယင်းအပြင် ရေကြောင်းတက္ကစီပြေးဆွဲမှုကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က နှစ်စဉ်မည်ကဲ့သို့အခွန်အခ ရရှိမည်နည်းဆိုသည့်အချက်ကိုလည်း ထည့်သွင်းမေးမြန်းခဲ့သည်။ " နိုင်ငံခြားမှ တင်သွင်းလာသောသင်္ဘောဖြစ်စေ ပြည်တွင်း၌ တည်ဆောက်ထားသည့် သင်္ဘောဖြစ်စေ လက်ခံနိုင်တဲ့ အရည်အသွေး မပြည့်စုံရင်လက်ခံမှာ မဟုတ်ပါဘူး။ အခုအချိန်ကတော့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီက သူစီစဉ်ထားတဲ့ အစီအစဉ်အတိုင်း သူ တင်ပြနေမှာပါ။ ကျွန်မတို့ လက်ခံနိုင်တဲ့ အရည်အသွေးနဲ့ မကိုက်ညီရင် မပြည့်စုံရင် လုံးဝ လက်ခံမှာ မဟုတ်ပါဘူး "ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားသည်။

ဇွန်လတတိယပတ်တွင် ပြေးဆွဲမည့် Water Taxi ကို ပညာရှင်များနှင့် ရေကြောင်း တာဝန်ရှိသူများ စစ်ဆေးနေလျှက်ရှိတယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author