ကုန်သေတ္တာယာဉ်များ သွားလာမှု အချိန် ည ၉ နာရီအစား ည ၈ နာရီမှစ၍ နံနက် ၆ နာရီအထိသွားလာခွင့်ပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်းကုန်သေတ္တာယာဉ်များ မောင်းနှင်သွားလာမှုများကို ည ၉ နာရီမှ နံနက် ၆ နာရီ သတ်မှတ်ထားရာမှ အချိန်တစ်နာရီစော၍ ည ၈ နာရီမှစ၍ နံနက် ၆ နာရီအထိ မောင်းနှင်သွားလာခွင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် သတ်မှတ်ပေးခဲ့ကြောင်းမြန်မာနိုင်ငံကုန်သေတ္တာတင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကသိရသည်။

ကုန်သေတ္တာယာဉ်များသတ်မှတ်အချိန်အတွင်း သွားလာမှုအဆင်ပြေစေရန်နှင့် ကမ်းနားလမ်းတစ်လျှောက်၊ စံပြငါးဈေးနှင့် သီရိမင်္ဂလာဈေးတို့တွင် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် ယာဉ်ရှင်းလင်းဖယ်ရှားမှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကွိန်တိန်နာကားတွေ သွားလာတဲ့အချိန်ကို ည ၉ နာရီ မနက် ၆ နာရီသတ်မှတ်ထားရာကနေ ည ၈ နာရီမှ ၆ နာရီအထိ မောင်းနှင်သွားလာဖို့လုပ်ပေးလိုက်ပါတယ်။ကွိန်တိန်နာ ကားတွေသတ်မှတ်အချိန်မှာအဆင်ပြေစွာသွားလာနိုင်ဖို့အတွက်လည်း စံပြငါးဈေးနဲ့ သီရိမင်္ဂလာဈေးတွေမှာ ဈေးလာဝယ်တဲ့ကားတွေကြောင့် လမ်းကြောမပိတ်ဖို့ တာဝန်ယူဆောင်ရွက်ပေးသွားမယ်ပြောတယ်။" လို့ မြန်မာနိုင်ငံကုန်သေတ္တာတင်သယ်ယူပို့ဆာင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသန်းလွင်ကပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုလျော့ချနိုင်ရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ(၇)ရက် မှစ၍ ယာဉ်+ကုန် (၉)တန်၊ ဝင်ရိုး (၂)ချောင်း၊ (၆)ဘီး အထက်ယာဉ်များအား ည ၉  နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ပြုရန်၊ မဟာဗန္ဓုလတံတား၊ ရှုခင်းသာလမ်း၊ ရတနာလမ်း၊ မောင်းမကန်လမ်း၊ ပဲခူးမြစ်လမ်း၊ အမှတ်(၂)သန်လျင်တံတား၊ ရွှေပြည်သာ လှိုင်သာယာမှလာသော ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများအတွက် သုဓမ္မာလမ်း၊ ဗိုလ်မှူးဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂)လမ်း၊ မောင်းမကန်လမ်းတို့အား နေ့အချိန် ၁နာရီမှ ၃နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ၊ ဘုရင့်နောင်လမ်းနှင့် ကမ်းနားလမ်းတို့တွင် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းနှင့် ပုလဲလမ်းဆုံမှ မြို့တွင်း ကုန်သေတ္တာယာဉ်ဝင်းများသို့ ၁၁ နာရီအချိန်မှ ယာဉ်တန်းဖြင့် စတင်ထွက်ခွာပြီး ၁၂း၃ဝ နာရီနောက်ဆုံး ထွက်ခွာရန်နှင့် ကမ်းနားကွန်ကရစ်လမ်း၊ ဟုန်းလမ်းထိပ်မှ ၁ နာရီယာဉ်တန်းဖြင့် ထွက်ခွာပြီး ၂ နာရီ နောက်ဆုံးထွက်ခွာရန် သတ်မှတ်ထားရှိရာ ကွိန်တိန်နာမောင်းနှင်သည့် ယာဉ်မောင်းများက အချိန်ကန့်သတ်မှု အဆင်မပြေသဖြင့် အချိန်သတ်မှတ်ချက် ဖြေလျှော့ပေးရန် ကွိန်တိန်နာ ကားများရပ်တန့်၍ဆန္ဒပြ တောင်းဆိုမှုများကြောင့် ယခုကဲသို့ ညအချိန်သွားလာခွင့်ကို အချိန် တစ်နာရီတိုး၍ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

Regulation

Author