ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကို ၃ ရာခိုင်နှုန်းအထိဖြေလျှော့ သတ်မှတ်ပေးရန် ပြည်ထောင်စုအထိတင်ပြမည်

0

Full article

မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကို ၃ ရာခိုင်နှုန်းအထိ ဖြေလျှော့သတ်မှတ်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုအဆင့်အထိ တင်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောဆိုခဲ့သည်။
မော်တော်ယာဉ်လက်ဝယ်ပိုင်ရှင်ရှိသူ၏ အမည်ပေါက်မှန်ကန်မှု မရှိသည့်အတွက် ယာဉ်မတော်တဆမှုများဖြစ်ပွားရာတွင် ယာဉ်ပိုင်ရှင်အမည်ပေါက် မဟုတ်သောကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ ထိုကားများကို ရှာဖွေရ ခက်ခဲနေပြီး တရားဥပဒေစိုးမိုးမှုအတွက် ယာဉ်အမည်ပေါက်ပြောင်းလဲရာတွင် ပေးဆောင်ရသည့် အခွန်ရာခိုင်နှုန်းမှာများပြားလွန်းနေ၍ လက်ရှိကောက်ခံနေသော ၁၅ ရာခိုင်နှုန်းအခွန်အားဖြေလျှော့ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
"ယာဉ်အမည်ပေါက်ပြောင်းတာကို ၃ ရာခိုင်နှုန်းလောက်အထိဖြေလျှော့ဖို့တင်ပြသွားမယ်။ ယာဉ်တိုက်မိတာတို့၊ ဒုစရိုက်မှုဖြစ်တာတို့ဆို ကားနံပတ်ကနေပြီး ပြန်ရှာရတာမလွယ်ဘူးဖြစ်နေတယ်။ ပြန်မိတဲ့အချိန်ကလည်း အချိန်ကြာမှမိတော့ ဥပဒေစိုးမိုးမှုက အရမ်းအားနည်းသလိုဖြစ်နေတယ်။ အမည်ပြောင်းတဲ့အခါမှာ ၃ ရာခိုင်နှုန်းလောက်ဆို လူတိုင်းဆောင်နိုင်သလို ကိုယ့်အမည်နဲ့ပဲလုပ်ချင်ကြတယ်။ အခုလက်ရှိ ၁၅ ရာခိုင်နှုန်းဆိုတာ သိန်း ၁ဝဝ တန်ကားက ၁၅ သိန်းဖြစ်နေတော့ ဘယ်သူမှမပြောင်းချင်ဘူး။ ဒါ့အပြင် ယာဉ်ပိုင်ရှင်လည်း မိမိနာမည်ပေါက်ကို ရှိနေမှ ရှာရတာလွယ်ကူမှာ။ ဒါကိုရန်ကုန်ကုန်တိုင်းလွှတ်တော်ကိုတင်ပြဆွေးနွေးသွားမယ်။ ပြည်ထောင်စုအဆင့်မှာဆွေးနွေးဖို့တိုက်တွန်းသွားမှာပါ။"ဟု ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ်အမှတ် (၁) လူမူရေးနှင့် စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဦးညီညီကပြောသည်။
လက်ရှိတွင် မော်တော်ယာဉ်များ အမည်ပြောင်းခွန်ဆောင်ရာ၌ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ဘဏ္ဍာနှစ်၏ အခွန်ကောက်ဥပဒေအရ မော်တော်ယာဉ်များအတွက် အမည်ပြောင်းခွန် သတ်မှတ်ရာတွင် အခွန်နှုန်းထားများမှာ ကျပ်သိန်း ၃ဝဝ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ် သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင် နှုန်းနှင့် ကျပ်သိန်း ၁ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ်ထားရှိကြောင်းသိရသည်။

Author

Comments