မော်တော်ယာဉ်များကြံ့ခိုင်မှုရှိ/မရှိ Vehicle Inspection Test Lane စစ်ဆေးသွားမည်

0

Full article

Zawgyi  Version

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် ယာဉ်ကြံ့ခိုင်မှုရှိ/မရှိ Vehicle Inspection Test Lane စက်ပစ္စည်း စစ်ဆေးမှုများကို ဂျပန်နိုင်ငံ JICA နှင့် ကညန ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပြုလုပ်သော "မြန်မာနိုင်ငံတွင်မော်တော်ယာဉ်ကြံ့ခိုင်မှုအား စက်ကိရိယာဖြင့် စစ်ဆေးမည့်စနစ်အကြောင်းဟောပြောပွဲ" အခမ်းအနားမှသိရသည်။

မော်တော်ယာဉ်များ ကနဦးယာဉ်မှတ်ပုံတင် ပြုလုပ်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှုးရုံး ရန်ကုန် (မြင်သာ) အတွင်းရှိ မြန်မာနိုင်ငံ ယာဉ်စစ်ဆေးရေး လုပ်ငန်းတွင် စက်ကိရိယာများ အသုံးပြုစစ်ဆေးခြင်း လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကူညီထောက်ပံ့သည့် Vehicle Inspection Test Lane ၂ စုံကို လှူဒါန်းထားရှိရာ လာမည့် မတ်လမှစတင်၍ ကညန ထံလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

"မော်တော်ယာဉ်တွေရဲ့ကြံ့ခိုင်မှုကိုစစ်ဆေးတဲ့အခါမှာ အရင်တုန်းကတော့ လူနဲ့ပဲစစ်နေရတာ။ အခုနောက်ပိုင်းတော့ မော်တော်ယာဉ်တွေကို စက်တွေနဲ့ စပြီးစစ်ဆေးနေပါပြီ။ Road Safety အပိုင်းက ကျွန်တော်တို့အတွက် ပိုပြီးတော့ကောင်းလာမယ်။ လက်ရှိအနေအထားမှာတော့ JICA ရဲ့အထောက်အပံ့နဲ့ ကညန မှာခေတ်မီစက်ကြီးတွေလှူဒါန်းထားတာဖြစ်ပါတယ်။ ဒီစက်တွေကို သူတို့အင်ဂျင်နီယာတွေကစစ်တယ်။ လာမယ့် မတ်လမှာ ကညန ကိုအပြီးအပိုင် ဒီစက်တွေလွှဲပြောင်းပေးမှာဖြစ်ပါတယ်။ မကြာမီအချိန်အတွင်းမှာ ပုဂ္ဂလိကယာဉ်စစ်ဆေးမှုက ဖြစ်လာတော့မှာပါ။ တကယ်တမ်းကျတော့ ယာဉ်စစ်ဆေးတဲ့နေရာမှာကျန်တဲ့တိုင်းပြည်အများစုက private sector ကလုပ်တာမျိုးရှိတယ်။ Private sector ကနေပြီးတော့မှ workshop နဲ့ယာဉ်စစ်ဆေးတာတွေ၊ ဆောင်ရွက်တာတွေရှိတယ်။" ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ကပြောကြားခဲ့သည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) နှင့် Omori Shokai Co., Ltd. (Japan), Myanmar Anzen Service Co., Ltd. (Myanmar) တို့မှပူးပေါင်း စီစဉ်သော "မြန်မာနိုင်ငံတွင်မော်တော်ယာဉ်ကြံ့ခိုင်မှုအား စက်ကိရိယာဖြင့် စစ်ဆေးမည့် စနစ်အကြောင်းဟောပြောပွဲ" တွင် HTS Japan Car Service Center မှ Trainer Mr. Mizoguchi Kohei မှ မြန်မာနိုင်ငံ ကားပိုင်ရှင်များ ကားပြင်ဆင်ခြင်းနှင့်ပတ်သတ်၍ အားနည်းချက်၊ အားသာချက်၊ လက်ရှိအခြေအနေများကို "မြန်မာနိုင်ငံတွင်မော်တော်ယာဉ်ကြံ့ခိုင်မှုအား စက်ကိရိယာဖြင့် စစ်ဆေးမည့်စနစ်အကြောင်းဟောပြောပွဲ" အခမ်းအနားတွင်ရှင်းလင်းပြောကြားခဲ့ပါသည်။

Author