၂ တန်အထက် လုပ်ငန်းသုံးယာဉ်များ သူတစ်ပါးထိခိုက်မှုအာမခံကို ရွာသာကြီး ကညနရုံးတွင် စတင်ဆောင်ရွက်ပေး

0

Full article

၂ တန်အထက် လုပ်ငန်းသုံးယာဉ်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံကို အာမခံရုံးချုပ်တွင် သွားရောက်လုပ်ဆောင်ရန်မလိုတော့ဘဲ လုပ်ငန်းသုံးကားများ မှတ်ပုံတင်ပြုလုပ်ပေးနေသောရွာသာကြီး ကညနရုံးတွင် စတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

"၂ တန်အထက် လုပ်ငန်းသုံးကားတွေ သူတစ်ပါး ထိခိုက်မှုအာမခံလုပ်တာကို ရွာသာကြီးမှာ စတင် လုပ်ဆောင်ပေးနေပါပြီ။ အရင်ကလို မြို့ထဲအထိ တကူးတက သွားစရာမလိုတော့ အဆင်ပြေကြမှာပါ။ အာမခံရုံးချုပ်က လူတွေကိုယ်တိုင်လာထိုင်ပြီး ဆောင်ရွက်ပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ သူတစ်ပါးထိခိုက်မှုအာမခံကြေးပေးဆောင်ခြင်းကို မြင်သာ ကညန၊ တောင်ဒဂုံကညနနှင့် ထောက်ကြန့် ကညနရုံးများတွင် လုပ်ဆောင်ပေးနေရာ ၂တန်အထက် လုပ်ငန်းသုံးကားများအတွက် ရွာသာကြီး ကညနတွင် ယခုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုသည့် အာမခံကုမ္ပဏီ(၁၁)ခုမှ အာမခံလုပ်ငန်းများကို ပြည်သူများအတွက် လုပ်ဆောင်ပေးနေပြီး ပုဂ္ဂလိကအားအာမခံအမျိုးအစား ၉မျိုးဖြစ်သည့် အသက်အာမခံ၊ မီးအာမခံ၊ ခရီးသွားအာမခံ၊ မော်တော်ယာဉ်အလုံးစုံအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ အဝေးပြေး လမ်းမကြီးဆိုင်ရာ အထူးခရီးသွားအာမခံလုပ်ငန်းနှင့် ကျန်းမာ ရေးအာမခံတို့ကို လုပ်ကိုင်ခွင့်ပြုပေးထားပြီးဖြစ်သည်။

R-01

Author