လိုင်စင်မဲ့ကားကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုတွင် ယခုအချိန်ထိ ၅ စီး ဖမ်းဆီးရရှိထား

0

Full article

ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားကိုစီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးရာတွင် ယခုအချိန်ထိ လိုင်စင်မဲ့ကား ၅ စီး ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါကားများကို နိုင်ငံပိုင်မော်တော်ယာဉ်များအဖြစ် သိမ်းဆည်းသွားမည့်အပြင် ယာဉ်မောင်းနှင်သူကိုပါ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ကားများအားစီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုကို ဇူလိုင် ၅ ရက်မှစတင်၍ လုပ်ဆောင်နေလျက်ရှိရာ ကညနမှ တရားဝင်ထုတ်ပေးထားသည့်ယာဉ်နံပါတ်ပြားမတပ်ဆင်ထားသည့် ယာဉ်များနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်သွားလာသည့်ယာဉ်များ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရပ်ကွပ်အုပ်ချူပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ အလှည့်ကျ မြို့နယ်များအလိုက် ရှာဖွေစစ်ဆေးလျက်ရှိကြောင်းသိရသည်။

"လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးတာ ဒီနေ့အထိ လိုင်စင်မဲ့တရားဝင်မှတ်ပုံတင်မလုပ်ထားတဲ့ကား ၅ စီးအထိ ဖမ်းဆီးရမိထားပါတယ်။ တစ်ခြားစည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာတွေလုပ်နေတယ်။လိုင်စင်မဲ့ကားဖမ်းဆီးရမိရင် ကားကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းမယ်။ ထုတ်ကုန်၊ သွင်းကုန် ဥပဒေနဲ့လည်း ထောင် ၃ နှစ်အထိချလို့ရပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် လမ်းမများပေါ်တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်များကို လိုင်စင်မဲ့ကားဟုတ်၊မဟုတ် အဖွဲ့ ၃ဝ ဖွဲ့စည်း၍ တစ်ရက်လျှင် ၁ဝ ဖွဲ့နှုန်းဖြင့် ထိရောက်စွာဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

Law Enforcement

Author