ယာဉ်မှတ်ပုံတင်လုပ်ငန်းလာရောက်ဆောင်ရွက်သူများအနေဖြင့် COVID -19 ရောဂါကာကွယ်ရန်အတွက် ကားတစ်စီးလျှင် လူ ၂ ဦးသာ ဝင်ခွင့်ပြုမည်

0

Full article

ယာဉ်မှတ်ပုံတင်လုပ်ငန်းလာရောက်ဆောင်ရွက်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအတွင်း လာရောက်မည်ဆိုပါက COVID -19 ရောဂါကာကွယ်ရန်အတွက် ကားတစ်စီးလျှင် လူ ၂ ဦးသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး Mask တပ်ဆင်မလာပါက ရုံးအတွင်းဝင်ခွင့်မပြုကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ရုံးလုပ်ငန်းများကို ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ရပ်နားထားခဲ့ရာမှ ယခု မေလ ၁၁ ရက်နေ့မှ  ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ပေးရာတွင် COVID -19 ရောဂါကာကွယ်ရေးအတွက် ရုံးအတွင်းသို့ ကားတစ်စီးလျှင် လူ ၂ ဦးထက်ပိုပြီး ဝင်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ လုပ်ငန်းလာရောက်ဆောင်ရွက်သူများအနေဖြင့် Mask တပ်ဆင်လာခြင်းမရှိပါက ရုံးအတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ကညန ရုံးလုပ်ငန်း  လာရောက်ဆောင်ရွက်သော ကားတစ်စီးလျှင် ကားမောင်းသူနှင့် အေးဂျင့် စုစုပေါင်း ၂ ယောက်သာ ဝင်ရမည်ဖြစ်ပြီး ရုံးအတွင်းဝင်ရောက်ပါက ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးရန်ဘေစင်များထားရှိပြီး လက်ဆေးစေခြင်း၊ Mask တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကညန ရုံးတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။


COVID-19 ကူးစက်ရောဂါကြောင့် ကားအရောင်းစင်တာများ၊ ပြခန်းများမှ ဝယ်ယူထားသော Brand New ကားသစ်များနှင့် ပြည်တွင်းထုတ် SKD ကားများမှာ ယာဉ်မှတ်ပုံတင်ရန်နှင့် ကညန ယာဉ်မှတ်ပုံတင်ရန်အတွက် စောင့်ဆိုင်းလျက်ရှိနေရပြီး ယခင်က ယာဉ်မှတ်ပုံတင်ခြင်းလာရောက်ဆောင်ရွက်သော ကားအရေအတွက်မှာ တစ်ရက်လျှင် အစီးရေ ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

Author