ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းကားယာဉ်များဘယ်မောင်းသာဖြစ်ရမည်ဟူသည့်အချက်ကို ဖြေလျှော့ပေးမည်မဟုတ်

0

Full article

ကျောင်းကားလုပ်ငန်းလုပ်ကိုင်မည့် ယာဉ်များအားလုံးသည် ဘယ်မောင်းသာဖြစ်ရမည်ဖြစ်ပြီး အဆိုပါအချက်ကို ဖြေလျှော့ပေးရန်အစီအစဉ်မရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား/သူများကို သယ်ယူပို့ဆောင်ပေးမည့်ကျောင်းကား (school bus) လုပ်ငန်းလုပ်ကိုင်သည့်ယာဉ်များသည် စည်ကမ်းချက် ၁၂ ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး အဆိုပါအချက် ၁၂ ချက်အနက်မှ စည်းကမ်းချက်တစ်ခုဖြစ်သော ဘယ်မောင်းယာဉ် (left-hand drive) ဖြစ်ရမည်ဆိုသည့်အချက်ကို လက်ရှိကျောင်းကားလုပ်ငန်းလုပ်ကိုင်နေသည့် ယာဉ်အများစုဆက်လက်ပြေးဆွဲနိုင်ရန် နှစ်ကာလအကန့်အသတ်ဖြင့် ဖြေလျှော့ပေးရန် အစီအစဉ်ရှိ/မရှိကို လွှတ်တော်အမတ်တစ်ဦးမှ ဇူလိုင်လ ၂၅ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင်ကျင်းပခဲ့သော မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေး ၃/၂၀၁၇ ၏ ဆုံးဖြတ်ချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတကာ၏ကျောင်းကားဆိုင်ရာ စံသတ်မှတ်ချက်များကိုလေ့လာပြီး ပြည်ပမှတင်သွင်းလာမည့် ကျောင်းကားများနှင့် ပြည်တွင်း၌ရောက်ရှိပြီးဖြစ်သည့် ခရီးသည် ၁၀ ယောက်နှင့်အထက် သယ်ဆောင်နိုင်သော micro bus ၊ mini bus နှင့် bus ယာဉ်များကို ကျောင်းကားလုပ်ငန်းလုပ်ကိုင်ရာတွင် ကျောင်းသား/သူများ လုံခြုံစိတ်ချစေရေးနှင့် စည်းကမ်းတကျဖြစ်စေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်နာရမည့်အချက် ၁၂ ချက်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၁၈/၁၇ ကို ထုတ်ပြန်ကြေညာထားခဲ့သည်။ ထိုကဲ့သို့ထုတ်ပြန်ရခြင်းသည် ပြည်ပမှကျောင်းကားများတင်သွင်းရာတွင် စနစ်တကျဖြစ်စေရေးအတွက်လည်းကောင်း၊ ပြည်တွင်းတွင် လက်ရှိပြေးဆွဲနေသည့် လုံခြုံစိတ်ချရမှုအားနည်းသည့်ကျောင်းကားများကို စည်းစနစ်ကြပ်မတ်နိုင်ရန် ဦးတည်ပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းကားအဖြစ်အသုံးပြုရန်တင်သွင်းမည့်ယာဉ်များကို တန်ဖိုးသက်သာစွာတင်သွင်းနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပယာဉ်တင်သွင်းခြင်းမှတ်ပုံတင်ကင်းလွတ်ခွင့်ကိုလည်း ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိတွင်ပြေးဆွဲလျက်ရှိသော ကျောင်းကားယာဉ်သတ်မှတ်ချက် ၁၂ ချက်အနက် အချက် ‘ဂ’ ဖြစ်သည့် “ဘယ်မောင်းယာဉ် (left-hand drive) နှင့် ယာဉ်၏ညာဘက်တွင် အတက်အဆင်းတံခါးပေါက်ပါရှိရမည်ဖြစ်ပြီး လုံခြုံစိတ်ချရသော သော့စနစ်တပ်ဆင်ထားရှိရမည်” ဟူသည့်အချက်သည် ကျောင်းသား/သူများကို အန္တရာယ်ကင်းရှင်းရေးအတွက် အဓိကအချက်ဖြစ်ကြောင်း၊ ညွှန်ကြားချက် ၁၈/၁၇ ကို ထုတ်ပြန်သည့်ကာလတွင်လည်း ထိုစဉ်ကကျောင်းကားပြေးဆွဲနေသည့် light truck ယာဉ်များနှင့် ညာမောင်းယာဉ်များကို စည်းကမ်းချက်များနှင့်မကိုက်ညီသော်လည်း လုပ်ငန်းရှင်များ လိုက်ပါစီစဉ်လုပ်ကိုင်နိုင်စေရန် ကာလတစ်ခုအထိ ဖြေလျှော့ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၁၉ ဇွန်လအထိ စာရင်းများအရ သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းကားအရေအတွက် ၇၁၆ စီးကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင်များဆောင်ရွက်ပေးခဲ့ပြီး ဆောက်ရွက်ဆဲအရေအတွက် ၃၄ စီးခန့်ရှိကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တင်သွင်းထားသော သတ်မှတ်ချက် ၁၂ ချက်နှင့် ကျောင်းကားအစီးရေ ၂၀၀ အနက်မှ အစီးရေ ၁၀၀ ခန့်မှာ ကျောင်းကားအဖြစ်ပြေးဆွဲလျက်ရှိနေပြီး ကျန်နေသည့်ကျောင်းကားများကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းကာ ကျောင်းကားအဖြစ်သုံးစွဲနိုင်သည့်အတွက် ကျောင်းကားအရေအတွက်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် စာရင်းသွင်းထားသောဘယ်မောင်း micro bus ၊ mini bus ၊ bus ယာဉ်အစီးရေ ၁,၀၀၁ စီးရှိပြီး အဆိုပါယာဉ်များသည်လည်း ကျောင်းကားအဖြစ်ပြေးဆွဲနိုင်သည့်အခွင့်အရေးရှိပါကြောင်း၊ ကျောင်းကားယာဉ်များ စနစ်တကျဖြစ်စေရေး၊ လက်ယာကပ်မောင်းစနစ်ဖြင့် ကိုက်ညီသောဘယ်မောင်းစနစ်ယာဉ်များဖြစ်စေရေး၊ ကျောင်းသား/သူများ အန္တရာယ်ကင်းရှင်းစွာစီးနင်းနိုင်စေရေး၊ ယာဉ်ကြောကြပ်ပိတ်ဆို့မှုများ လျော့ကျစေရေးဟူသောဦးတည်ချက်များဖြင့် သတ်မှတ်ချက် ၁၂ ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါသတ်မှတ်ချက်များဖြင့်ပြည့်စုံသော ယာဉ်အရေအတွက် အလုံအလောက်ရှိနေခြင်းအတွက်လည်းကောင်း၊ အဆိုပါသတ်မှတ်ချက် ၁၂ ချက်သည် နိုင်ငံတကာတွင် လိုက်နာရသော သတ်မှတ်ချက်များထက်များစွာ လျော့နည်းနေသေးသည့်အတွက်လည်းကောင်း၊ သတ်မှတ်ချက်ထုတ်ပြန်ပြီးကာလများတွင်လည်း ကာလအတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးမှုပြုခဲ့သည့်အတွက်လည်းကောင်း၊ ကျောင်းသား/သူများ၏ အန္တရာယ်ကင်းရှင်းရေးအတွက်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ချက် ၁၂ ချက်အနက်မှ အချက် ‘ဂ’ တွင်ပါဝင်သည့် ဘယ်မောင်းဖြစ်ရမည်ဟူသောအချက်ကို ဖြေလျော့ပေးရန်အစီအစဉ်မရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ဖြေကြားခဲ့သည်။

Author