သင်္ကြန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုရှင်းရန် ရန်ကုန်ယာဉ်ထိန်းအင်အားကိုအပြည့်သုံးမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကြန်ကာလတွင် ရေကစားမဏ္ဍပ်များ၌ ယာဉ်ကြောပိတ်ဆို့ မဖြစ်စေရန် ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲအင်အားအပြည့် တာဝန်ချ အသုံးပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မူးရုံး သတင်းစာရှင်းလင်းပွဲကသိရသည်။

ယခုနှစ်တွင် စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ခွင့်ပြုချထားပေးမည်ဖြစ်ရာ ပိုမိုစည်ကားလာမှာဖြစ်၍ ယာဉ်အန္တာရယ် ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရန်အတွက် ရန်ကုန်ယာဉ်ထိန်းရဲ အင်အားအကုန် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရပါသည်။

"ဒီနှစ်မှာ မဏ္ဍပ်တွေကို ပိုပြီးခွင့်ပြုပေးမယ်လို့ သိရတယ်။ ရေကစားမဏ္ဍပ်တွေမှာ ကားပိတ်တာတွေ ဆွဲထုတ်ဖို့ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အားကို အပြည့် အသုံးပြုသွားမှာပါ။ အင်အားအပြည့်ဆိုပေမယ့် ရုံးပိုင်းဆိုင်ရာတွေနဲ့ ယာဉ်တိုက်မှု ဖြစ်တဲ့နေရာတွေမှာ အားလုံး အသုံးပြုမယ်။ "ဟု ရန်ကုန်တိုင်း အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမူးကြီး သိန်းဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကရေကစားမဏ္ဍပ်များနေရာတွင် ယာဉ်ကြောပိတ်ဆို့မှုများကို အတက်နိုင်ဆုံး ယာဉ်ကြောရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် အရာရှိ အခြားအဆင့်အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၁ထောင် ကျော် အထိရှိပြီး ယာဉ်မှုးစစ်လုပ်ငန်းများ၊ရုံးလုပ်ငန်းများ၊ ယာဉ်အချက်ပြ မီးပွိုင့်များ၊ ကျောင်းများ၊ ဈေးဝယ်စင်တာများ အစရှိသည့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်သည့် နေရာများတွင် အသုံးပြုထားရှိကြောင်း သိရသည်။

Author