မြန်ဆန်မှု၊ တောက်ပမှု၊ ဆွဲဆောင်အားပြင်းပြမှုတွေကို မိတ်ဆက်လိုက်တဲ့ Lexus LC500 2019

0

Full article

Lexus ချစ်သူတွေအတွက် 2019 ထုတ် Lexus LC500 လေးအကြောင်းကို ဖေါ်ပြပါရစေ။ တောက်ပတဲ့အရောင်အသွေးနဲ့ လျင်မြန်တဲ့ Lexus LC500 2019 ဟာ ကိုယ်ထည်ကောက်ကြောင်းအရလည်း ဆွဲဆောင်အားပြင်းပြလှတာကို ပုံတွေကနေတစ်ဆင့် တွေ့မြင်ကြရမှာပါ။

2019 Lexus LC500 ဟာ 2018 model အပေါ် အခြေခံထားပြီး ပြောင်းလဲမှုအချို့နဲ့ မြှင့်တင်ထားပါတယ်။ တံခါးနှစ်ပေါက်ကားအတွက် ပိုမိုကောင်းမွန်တဲ့ အောက်ပိုင်းနဲ့ transmission ပိုင်းအပြောင်းအလဲကတော့ သိသာတဲ့အပြောင်းအလဲဖြစ်ပြီး

“Lexus သည် အမြင်သက်သက်လှပရုံမျှမက အတွင်းခန်းရဲ့ တန်ဖိုးကြီးမားမှု၊ မောင်းနှင်အားနဲ့ပေါ့ပါးသွက်လက်မှုတွေကိုပါ ပေါင်းစပ်ဖွဲ့စည်းထားသည်”

လို့စကားလုံးတွေနဲ့ ဖွင့်ထုတ်မပြောဘဲနဲ့ကို သိစေနိုင်တဲ့အထိ ကောင်းမွန်တဲ့ LC500 2019 ရယ်ပါ။

ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ ဘယ်လိုထောင့်ကကြည့်ကြည့် Lexus LC500 2019 ရဲ့ပုံစံဟာ မော်တော်ကားပြပွဲတွေမှာ တွေ့မြင်ရုံသာတွေ့မြင်ရပြီး လက်တွေ့မရောင်းချနိုင်သေးတဲ့ concept car တစ်စီးကို Lexus ကနေပြီး လက်တွေ့မောင်းနှင်နိုင်အောင် အကောင်အထည်ဖေါ် ထုတ်လုပ်ရောင်းချလိုက်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ Show ပြထားတဲ့ အရမ်းလန်းဒီဇိုင်းအတိုင်း လက်တွေ့ဝယ်ယူစီးနင်းနိုင်မယ်ဆိုတဲ့ သဘောပေါ့။

အပြောင်းအလဲလုပ်ထားတဲ့ LC500 ရဲ့ adaptive suspension ဟာ သက်သောင့်သက်သာဖြစ်စေဖို့ အနူးညံ့ဆုံးနဲ့ ခိုင်မာတောင့်တင်းမှုအဖြစ်ဆုံးဆိုတဲ့ ကျယ်ပြန့်လှတဲ့ အစွန်းနှစ်ဘက်ကို အကောင်းဆုံးညီမျှခြင်းရေးထိုးထားသလိုပါပဲ။ ရလဒ်ကတော့ အကြမ်းတမ်းဆုံးမောင်းနှင်ချိန်မှာတောင် နှစ်လိုဖွယ်ကောင်းတဲ့ ထိန်းချုပ်နိုင်မှုကို ရရှိစေပါတယ်။ အမြန်ဆုံးမောင်းနှင်နိုင်ချိန်မှာတောင်မှ LC ရဲ့ ဦးစားပေးက ဇိမ်ကျဖို့ပါပဲလို့ Lexus ကဆိုထားတာပါ။

LC500 ဟာ တကယ့်ကိုလျင်မြန်တဲ့ကားတစ်စီးပါ။ Sport Car အဖြစ် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားတဲ့ ကားမဟုတ်ပါဘူး။ Turbocharging ဒါမှမဟုတ် supercharging အလုပ်မလုပ်သေးဘဲနဲ့တောင်မှ 5.0-litre V8 အင်ဂျင်ဟာ 0-60 mph အရှိန်နှုန်းကို 4.7 စက္ကန့်ထဲနဲ့တင်နိုင်တာမျိုး။ Intake နဲ့ exhaust အသံထွက်ကလည်း တက်မောင်းသူတိုင်းကို ရင်ခုန်သံမြန်စေမဲ့အသံမျိုးနဲ့ပါ။

စွမ်းအင်ထုတ်လုပ်မှုအပိုင်း sporty ဖြစ်အောင်ထုတ်လုပ်ထားတဲ့ LC500 ဟာ transmission ပိုင်းမှာတော့ suspension ပိုင်းလိုမျိုး ချောမွေ့ပြီး သက်သောင့်သက်သာဖြစ်အောင် ရည်ရွယ်ထားပါတယ်။ 10-speed automatic gear အပြောင်းအလဲဟာ ဥပမာပေးရမယ်ဆိုရင် ထောပတ်နွေးနွေးကို ဓါးနဲ့လှီးသလိုမျိုးကို ချောမွေ့နေတော့တာပါပဲ။ အင်ဂျင်သံနဲ့ အမြန်နှုန်းအပြောင်းအလဲကသာ gear အပြောင်းအလဲဖြစ်တယ်ဆိုတာကို သိရှိနိုင်ပြီး gear ရဲ့အပြောင်းအလဲသတ်သတ်ကို လုံးဝမသိစေနိုင်လောက်တဲ့အထိကို အရှိန်နှုန်းရဲ့ စဉ်ဆက်မပြတ်မှုနဲ့အတူ မောင်းနှင်နိုင်မယ့် Lexus LC500 2019 ဖြစ်ပါတယ်။

လှပေ့၊ မြန်ပေ့ဆိုတဲ့ကားတွေဟာ နေ့စဉ်ဘဝလက်တွေ့ကျဖို့က နည်းနည်းလေး အလှမ်းဝေးနေတတ်တာ များပါတယ်။ LC500 coupe မှာလည်း coupe ပီပီ နေရာလွတ်တွေအများကြီးတော့မျှော်လင့်လို့မရပါဘူး။ နောက်ခုံတန်းက ပါတယ်ဆိုရုံလေး။ အရှေ့ခုံတွေကတော့ ပုံမှန်အရွယ်အစားရှိတဲ့ လူတွေအတွက် သက်သောင့်သက်သာထိုင်လို့ရပါတယ်။ အနောက်ပစ္စည်းထားခန်းဝင်ဆံ့မှုကတော့ တော်တော်လေးနည်းတယ်လို့ ဆိုရမယ်။ 141.5-litre ပဲရှိပါတယ်။

မြန်မြန်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးလေးမောင်းမယ်။ သက်သောင့်သက်သာနဲ့ ဇိမ်ကျကျလေးစီးမယ်။ ပုံစံကလည်း အဌာကျကျ။ ပုံမှာပြထားတဲ့အတိုင်း sexy red ကလေးနဲ့ဆိုရင်တော့......
2019 Lexus LC500 ဟာ လူအများစုရဲ့ အိပ်မက်ထဲမှာရှိနေမဲ့ coupe လေးတစ်စီးကို ပုံဖေါ်ထားသလို ဖြစ်နေတော့မှာပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)

Ref: View Photos of the 2019 Lexus LC500 - Car and Driver

Author