ဖောက်စွပ်ယာဉ်များ အသစ်ထပ်မံပြုလုပ်မှုမရှိတော့ဟု ယုံကြည်ကြောင်း ကညန တိုင်းညွှန်မှူးမှ ပြောကြား

0

Full article

ဖောက်စွပ်ယာဉ်များ စစ်ဆေးတွေ့ရှိမှု ၃၀၀ ကျော်ရှိနေပြီး တဖြည်းဖြည်းလျော့နည်းလာနေကြောင်း၊ အသစ်ထပ်မံပြုလုပ်မှုမရှိတော့ဟု ယုံကြည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင်ကျင်းပခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၆/၂၀၁၉) တွင် ပြောကြားခဲ့သည်။

“ဖောက်စွပ်ကားတွေ စစ်ဆေးတွေ့ရှိမှုကတော့ စီးရေ ၃၀၀ ကျော်ရှိနေပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ၇ စီးလောက်အထိ စစ်ဆေးတွေ့ရှိခဲ့တယ်။ တဖြည်းဖြည်းတော့ လျော့နည်းလာပါပြီ။ အသစ်ထပ်မံပြုလုပ်မှု မရှိတော့ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒါဟာခွင့်ပြုလို့မရတဲ့ ကိစ္စတစ်ခုပါ။ မသမာတဲ့သူတွေလို့ပဲပြောပြော၊ သူတို့တွေဟာ မှတ်ပုံတင်မဲ့ယာဉ်ကို အစားထိုးဖို့လုပ်တာဖြစ်တဲ့အတွက် ခွင့်မပြုရခြင်းဖြစ်ပါတယ်။ ဖောက်စွပ်ကားဆိုတာ without ကားရဲ့ပစ္စည်းကို ဖြတ်ဆက်လုပ်ထားတာလေ။ စစ်ဆေးတွေ့ရှိခဲ့ရင် ယာဉ်ကို မှတ်ပုံတင်ဖျက်သိမ်းပြီး သိမ်းဆည်းပါတယ်။ နောက် ECC ကို အပ်ပါတယ်။ ဝယ်မိတဲ့လူတွေအတွက်တော့ နစ်နာတာပေါ့။ ကျွန်တော်က တောင်းပန်နေရတာ။ ကိုယ်ချင်းလည်းစာပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ခွင့်ပြုလို့မရတဲ့အကြောင်းကို ရှင်းပြတောင်းပန်နေရပါတယ်။” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန် မှ ပြောကြားခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယခင်က body coach ပြောင်း ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ယာဉ်ပိုင်ရှင်များ မနစ်နာစေရန်ရည်ရွယ်ကာ အထက်သို့ အဆင့်ဆင့်တင်ပြကာ ခွင့်ပြုချက်ရယူပြီး ညွှန်ကြားချက်များနှင့်အညီ ဒဏ်ကြေးကောက်ခံ၍ ဘောင် RTA သတ်မှတ်ကာ တရားဝင်ခွင့်ပြုဆောင်ရွက်ခဲ့သော်လည်း ယခုအခါ တရားမဝင်ယာဉ်များထိန်းချုပ်ရေးအတွက် body coach ပြောင်း ယာဉ်များအား ၂၀၁၅ မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၁၈) 'င' နှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းမိန့်အား ချက်ချင်းထုတ်ပြန်ကာ၊ မှတ်ပုံတင်မဲ့ယာဉ်အဖြစ် သက်ဆိုင်ရာရဲစခန်းသို့ နေ့ချင်းပြီးအပ်နှံလွှဲပြောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Reporter : Zing

Author

Comments