မြန်မာနိုင်ငံလမ်းစနစ်ဖြင့် မကိုက်ညီသော ညာမောင်းကားများကို တဖြည်းဖြည်းလျှော့ချသွားမည်ဟု တိုင်းညွှန်မှူးဆို

0

Full article

မြန်မာနိုင်ငံ၌ ညာမောင်းကားများ ပြန်လည်တင်သွင်းခွင့်ပေးသင့်ကြောင်း အကြံပြုချက်များရှိနေသော်လည်း မြန်မာနိုင်ငံလမ်းစနစ်ဖြင့်မကိုက်ညီသော ညာမောင်းကားများကို တစ်ဖြေးဖြေးလျှော့ချသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

“မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၇၅) ‘န’ မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်ရည်ရွယ်၍ လက်ယာကပ်မောင်းစနစ်ဖြင့်ကိုက်ညီသော ဘယ်မောင်းယာဉ်များကိုသာ အသုံးပြုရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ နောက် ကျွန်တော်တို့နိုင်ငံမှာ အစက လက်ဝဲကပ်မောင်းစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၇၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၆ နာရီကစပြီးတော့ လက်ယာကပ်မောင်းစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် လက်ယာကပ်မောင်းစနစ်နဲ့ကိုက်ညီတဲ့ လက်ဝဲမောင်း (left-hand drive) ယာဉ်များကိုအသုံးပြုမှသာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းနိုင်မှာ ဖြစ်ပါတယ်။ လက်ယာကပ်မောင်းစနစ်ကိုပြောင်းလဲခဲ့ပေမဲ့ စနစ်နဲ့ကိုက်ညီတဲ့ လက်ဝဲမောင်းယာဉ်တွေကို မတင်သွင်းနိုင်ခဲ့တဲ့အတွက် အခုထက်ထိ ဖြေရှင်းရခက်နေခဲ့တာပါ။ လက်ယာကပ်မောင်းစနစ်ဖြစ်ပြီး ညာမောင်းကားတွေကိုအသုံးပြုနေတာဖြစ်တဲ့အတွက် ယာဉ်မောင်းသူအနေနဲ့ ယာဉ်ကျော်တတ်တဲ့နေရာမှာ မြင်ကွင်းကွယ်နေတာမို့ အန္တရာယ်ကို ဖိတ်ခေါ်နေတာပါ။ ညာမောင်းကားတွေရဲ့ ရှေ့မီးစနစ်ဟာ လက်ဝဲကပ်မောင်း ကျင့်သုံးတဲ့လမ်းတွေအတွက်ဖြစ်တာမို့ မီးကို ဘယ်ဘက်ကိုစောင်းထားတာဖြစ်ပါတယ်။ ဒီတော့ လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးပြီး ညာမောင်းကားတွေကို အသုံးပြုတဲ့အခါ ညဘက်ကားမောင်းတဲ့အချိန်တွေမှာ တစ်ဖက်ယာဉ်ကြောကလာတဲ့ ကားရဲ့မီးကြောင့် မျက်စိပြာတာတွေ၊ မြင်ကွင်းမကြည်လင်တော့တာတွေ ကြုံဖူးကြမှာပါ။ ဒါဟာလည်း ယာဉ်အန္တရာယ်ဖြစ်စေတဲ့အချက်ပါပဲ။ နိုင်ငံတကာက ကျွမ်းကျင်သူတွေလာရင်လည်း ဒီလွဲမှားနေတဲ့အချက်ကို အဓိကထောက်ပြကြပြီး ယာဉ်အန္တရာယ်လျှော့ချရေး အကြံပြုချက် ၄၃ ချက်ထဲမှာလည်း လက်ယာကပ်မောင်းစနစ်ဖြင့်မကိုက်ညီသောယာဉ်များကို လျှော့ချရေး ဆိုတဲ့အချက်လည်း ပါ ပါတယ်။ တချို့က အကြံပြုကြပါတယ်။ ညာမောင်းကားများပြန်လုပ်ဖို့၊ ပြန်လည်တင်သွင်းခွင့်ပေးဖို့အတွက် အကြံပြုကြပါတယ်။ ဒီလိုပြန်တင်သွင်းခွင့်ပေးလိုက်ရင် လက်ရှိဆောင်ရွက်နေတဲ့ ဦးတည်ချက်တွေနဲ့ သွေဖည်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာနိုင်ငံလမ်းစနစ်နဲ့ မကိုက်ညီတဲ့ယာဉ်တွေကို တဖြည်းဖြည်းလျှော့ချသွားမှာပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ကားစီးရေ ၁၀ သိန်းကျော်မှာ၊ SKD စနစ်နဲ့ထုတ်လုပ်ထားတဲ့ကားတွေအပါအဝင် အစီးရေ ၂ သိန်းကျော်ဟာ ဘယ်မောင်းတွေဖြစ်လာတဲ့အတွက် ၂၀% ခန့်ရှိလာပြီဖြစ်ပါတယ်။ ယာဉ်အို၊ ယာဉ်ဟောင်းတွေ လျော့ကျလာတဲ့အခါ မြန်မာနိုင်ငံလမ်းစနစ်နဲ့ကိုက်ညီတဲ့ ဘယ်မောင်းယာဉ်တွေဖြစ်လာမှာပါ။” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် လက်ယာကပ်မောင်းစနစ်ကျင့်သုံးသောနိုင်ငံ ၁၆၄ နိုင်ငံရှိနေပြီး၊ လက်ဝဲကပ်မောင်းစနစ်ကျင့်သုံးသောနိုင်ငံ ၇၆ နိုင်ငံရှိနေသောကြောင့် ကမ္ဘာ့နိုင်ငံများ၏ ၇၀% သည် လက်ယာကပ်မောင်းစနစ်ကို ကျင့်သုံးနေကြောင်းသိရသည်။

Reporter : Zing

Author