ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်ရွာကြီးတစ်ရွာခန့်သည် ပျောက်ကွယ်နေရသလိုဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေအများဆုံးဟုဆို

0

Full article

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်ရွာကြီးတစ်ရွာခန့်သည် ပျောက်ကွယ်နေရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ယာဉ်မတော်တဆမှု ဖြစ်နိုင်ခြေအများဆုံးဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး မျိုးအောင်မြင့်မှ ၂၀၁၉ ဇူလိုင်လ ၃၁ ရက်နေ့တွင်ကျင်းပခဲ့သော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်လူပေါင်း ၅,၀၀၀ ကျော်ဟာ သေဆုံးနေရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် နှစ်စဉ် ရွာကြီးတစ်ရွာဟာ ယာဉ်မတော်တဆမှုကြောင့် ပျောက်ကွယ်နေရတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ယာဉ်မတော်တဆမှုတွေကျဆင်းအောင် နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းပြီး အစီအမံတွေကို စနစ်တကျချမှတ်ပြီး ဆောင်ရွက်နေတာပါ။ ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးမြို့တော်လည်းဖြစ်တယ်။ မော်တော်ယာဉ်အသုံးပြုမှုဟာလည်း တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မော်တော်ယာဉ်အရေအတွက်ရဲ့ ထက်ဝက်ခန့်ဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိနေတဲ့အတွက် ယာဉ်မတော်တဆမှုဖြစ်နိုင်ခြေဟာ တစ်နိုင်ငံလုံးထက်စာရင် ဖြစ်နိုင်ခြေအများဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့၊ စည်ပင်သာယာရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်မှုဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ ပညာပေးအစီအစဉ်တွေ၊ စစ်ဆေးအရေးယူမှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့အတွက် ဇွန်လအတွင်းမှာ ယာဉ်မတော်တဆဖြစ်မှုဟာ တစ်နိုင်ငံလုံးမှာ ပဲခူးတိုင်းဒေသကြီးဟာ ပထမ၊ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးဟာ ဒုတိယအဆင့်ကို လျော့ဆင်းခဲ့ပါတယ်။” ဟု ရန်ကုန်အနောက်ပိုင်းခရိုင်၊ အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး မျိုးအောင်မြင့်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်လည်း ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်သေဆုံးသူ ၁.၂ သန်းခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ သန်း၂၀ မှ သန်း ၅၀ အထိ ရှိနေကြောင်း WHO ၏ စစ်တမ်းများအရ သိရပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ မေလအထိ စာရင်းများအရ ယာဉ်တိုက်မှုပေါင်း ၇,၄၂၉ မှု ရှိနေသည့်အနက် ထိခိုက်ဒဏ်ရာရသူဦးရေမှာ ၁၁,၇၇၈ ဦးနှင့် သေဆုံးသူပေါင်း ၂,၅၄၅ ဦး ရှိခဲ့ပြီး ရန်ကုန်တိုင်းတွင်မူ ယာဉ်တိုက်မှု ၁,၀၅၇ မှု၊ ထိခိုက်ဒဏ်ရာရသူ ၁,၂၁၉ ဦးနှင့် သေဆုံးသူ ၃၃၃ ဦး (မေလအထိ) ရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။

Reporter : Zing

Author

Comments