ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် အမည်ပေါက်ပြောင်းလဲ၍ နေရပ်လိပ်စာ မှန်ကန်ရေး လုပ်ဆောင်ရန် စီစဉ်နေ

0

Full article

ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးပါက ယာဉ်ပိုင်ရှင် အမည်ပေါက်ပြောင်းလဲ၍ နေရပ်လိပ်စာမှန်ကန်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ပြီးပါက ယာဉ်ပိုင်ရှင်အမည်သို့ တစ်ပါးတည်းပြောင်းလဲသွားရမည်ဖြစ်ရာ ယာဉ်လက်ဝယ်ရှိသူမှ နေရပ်လိပ်စာပြောင်းလဲမည်ဆိုလျှင် သက်ဆိုင်ရာ ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနသို့ သွားရောက်အကြောင်းကြားကာ လိပ်စာပြောင်းလဲမှုကို လျှောက်ထားလုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

" ယာဉ်လက်ဝယ်ပိုင်ဆိုင်သူက လိပ်စာအမှန်ဖြစ်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်။ ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့စာချုပ်ချုပ်ဆိုပြီးပြီဆိုရင် အမည်ပေါက်ပြောင်းရမယ်။ နေရပ်လိပ်စာ တစ်ခုကနေတစ်ခုပြောင်းလဲမယ်ဆိုရင် သက်ဆိုင်ရာရုံးကို လာပြီးအကြောင်းကြားကာ လိပ်စာပြောင်းပြုလုပ်တာကို လုပ်ဆောင်သွားဖို့ရှိပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးထံကနေ သိရသည်။

" မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ထားသူအမည်အား သွင်းကုန်ပါမစ်၊ အရောင်းစင်တာဝယ်ယူခွင့် လက်မှတ်တွင် ဖော်ပြပါရှိသည့်အမည်၊နေရပ်လိပ်စာအတိုင်းသာ မှတ်ပုံတင်ပေးပါကြောင်း၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ သွက်လက်မြန်ဆန်၍ လာရောက်ဆောင်ရွက်နေသူများ ကျေနပ်နှစ်သက်စေရေးအတွက် လုပ်ငန်းလာရောက် ဆောင်ရွက်သူ၏ မှတ်ပုံတင်(သို့)နိုင်ငံသားစိစစ်ရေးကတ်(သို့) ဓါတ်ပုံပါရှိသော စီစစ်ရေးကတ်တစ်ခုခုကိုသာ စီစစ်၍ မိတ္တူရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဤဦးစီးဌာနမှ ထုတ်ပေးသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကမ(၃) စာမျက်နှာ(၁၃) သတိပြုရန် အချက်များတွင် အမည်နေရပ်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိကြောင်း၊ မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်ကြောင်း၊ ဖော်ပြအသိပေးထားပြီးဖြစ်၍ ယာဉ်ပိုင်ရှင်မှန်ကန်စေရေးနှင့် နေရပ်လိပ်စာမှန်ကန်စေရေးအတွက် ယာဉ်မှတ်ပုံတင်ထားသူတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူရပြီး ယာဉ်လက်ဝယ်ပိုင်ဆိုင်သူသည်လည်း ယာဉ်မှတ်ပုံတင် အမည်ပေါက်သူအဖြစ် ဆောင်ရွက်ရန်တာဝန်ရှိသူ ဖြစ်ပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများမှ အမည်ပြောင်းလဲလိုပါက ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေပြီး ၄င်းဌာနမှထုတ်ပေးသည့် အခွန်ပုံစံ(၁)မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများအနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေးအခက်အခဲများ ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူအမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူများအား computerize system ဖြင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားပါကြောင်း၊ ရပ်ကွက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါကလည်း ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မည်ဖြစ်ပါကြောင်း"ကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂ဝ၁၇ နိုဝင်ဘာ ၂၇တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ၌
ပြောကြားထားရှိခဲ့သည်။

Author