ယာဉ်မှန်၊မမှန် စစ်ဆေးပေးခြင်းကို Online စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေ

0

Full article

မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ် နှင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို Online စနစ်ဖြင့်ကြိုတင်ရက်ချိန်းယူ၍ လုပ်ငန်းဆောင်ရွက်ပေးရန် လုပ်ဆောင်နေလျှက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

နေ့စဉ်ယာဉ်သက်တမ်းတိုးလာရောက်ပြုလုပ်နေသည့် ကားအစီးရေများပြားလွန်းသည့်အတွက် မော်တော်ယာဉ်များ ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို အစီးရေ အနည်းငယ်သာစစ်ဆေးပေးနိုင်ပြီး ဖောက်စွပ်ကားပြသနာများနှင့် ကားအရောင်းအဝယ်ပြုလုပ်နေသူများမှာ အဆင်မပြေမှုများဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရသည်။

"ယာဉ်မှန်မမှန် စစ်ဆေးတာကို Online စနစ်နဲ့ ကြိုတင်ရက်ချိန်းယူပြီး လုပ်ငန်းလုပ်ဆောင်ပေးဖို့ စီစဉ်နေတယ်။လောလောဆယ်မှာ လစဉ်လဆန်း ၂၅ ရက်နေ့အထိပဲ လုပ်ငန်းလုပ်ဆောင်ပေးထားတယ်။ နောက်ပိုင်းကျရင် Online စနစ်နဲ့ ကြိုတင်ရက်ချိန်းယူပြီး လာစစ်လို့ရအောင် လုပ်နေတယ်။ သက်တမ်းတိုးလာလုပ်တဲ့ကားတွေကလည်း အရမ်းများလာတော့ အဆင်ပြေအောင်လုပ်ဆောင်ပေးနေပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ အရောင်းအဝယ်ပြု လုပ်ရာတွင် တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်၊မဟုတ် စစ်ဆေးပြီးမှသာ ဝယ်ယူမှုများရှိလာကြပြီး ယာဉ်မမှန်သည့် ယာဉ်များနှင့် လိုင်စင်မဲ့ကားများကို စစ်ဆေးတွေ့ရှိပါကတရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

Author