Full article

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကားအသစ်များဝယ်ယူရန်မှာ အလှမ်းဝေးကွာနေဆဲဖြစ်ပြီး မိမိတို့၏ လိုအပ်ချက်ကြောင့် ဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ ကားဝယ်ယူလိုပါက ကားအအဟောင်းများကိုသာ အားထားနေရပေသည်။ သို့သော် ကားဟောင်းများ ဝယ်မည်ဆိုသည်မှာ အလွယ်တကူ ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သတိထားရမည့်အချက်များ အများအပြားရှိနိုင်ပါသည်။ ကားဟောင်း ဝယ်ယူရာတွင် အလှည့်စား မခံရစေရန် နှင့် ဆုံးဖြတ်ချက် အမှားများ မချမိစေရေးအတွက် သတိထားရမည့် အချက်များစွာထဲမှ အချို့ကို ဖော်ပြသွားပါမည်။

မောင်းနှင်ပြီး ကီလိုမီတာ/မိုင်

ကား၏ မောင်းနှင်ပြီး အကွာအဝေးပြသည့် ကီလိုမီတာကို ပြန်လည်ပြင်ဆင်ထားခြင်းသည်နိုင်ငံ အတော်များများတွင် ပြုလုပ်လေ့ရှိကြပြီး တရားမဝင်သည့် လုပ်ရပ်တစ်ခုဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဤကိစ္စနှင့်ပတ်သက်ပြီး တရားဥပဒေ သတ်သတ်မှတ်မှတ်မရှိပါ။ အချို့သော ကားရောင်းသူများသည် မောင်းနှင်ပြီးသည့် အကွာအဝေးပြ ဒိုင်ခွက်ရှိ ဂဏန်းများကို လျှော့ချပြီး သိပ်အသုံးမပြုရသေးသည့် ကားတစ်စီးဟု ဝယ်ယူသူများ ထင်မြင်စေရန် ပြုလုပ်တတ်ကြသည်။ အမှန်တော့ ထိုသို့ ပြုလုပ်ခြင်းသည် လိမ်လည်ခြင်းတစ်မျိုးပင် ဖြစ်ပါသည်။

4520917592_fc2a4b5ea5

(photo: flickr)

ကားတစ်စီး၏ မောင်းနှင်ပြီးသည့် ခရီးအကွာအဝေးအလိုက် ပုံမှန် servicing ပြုလုပ်ရမည်ဖြစ်ရာ ဤသို့ တကယ်မောင်းနှင်ပြီးသည့် အကွာအဝေးနှင့် ဒိုင်ခွက်တွင် ဖော်ပြထားမှုများ မတူညီပါက ကားမောင်းနှင် အသုံးပြုသူများအတွက် အန္တရာယ်တစ်ခုပင် ဖြစ်ပါသည်။

သာမန်လူတစ်ယောက်အနေဖြင့် ထိုသို့ ပြောင်းလဲထားသည်ကို ရုတ်တရက် မသိရှိနိုင်သော်လည်း ကျွမ်းကျင်သူများအနေဖြင့် ကြည့်ရှု၍ အမှန်တကယ် ဟုတ်မဟုတ်ကို သိရှိနိုင်ပါသည်။ ပျမ်းမျှအားဖြင့် ကားတစ်စီးအား တစ်နှစ်လျှင် ကီလိုမီတာ ၂၅ဝဝဝ ခန့်မောင်းနှင်တတ်ကြပါသည်။ သို့ရာတွင် မိမိဝယ်ယူသည့် ကား၏ မူလနိုင်င်ငံအနေအထား၊ ပိုင်ရှင်၏ ကားမောင်းနှင်မှု အရေအတွက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

ထို့အပြင် ကား၏ အနေအထားကိုကြည့်ရှု၍ မောင်းနှင်ပြီး ခရီးအမှန်ဟုတ်မဟုတ် အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ ကီလိုနိမ့်နေသော်လည်း ကား၏အနေအထားမှာ အပွန်းအပဲ့များ၊ အနာအဆာများရှိပါက ထိုကား၏ မောင်းနှင်ပြီး ဒိုင်ခွက်ကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ချေ များပါသည်။

စိတ်အချရဆုံးနည်းလမ်းမှာ ကား၏ နောက်ကြောင်းအား သေချာစုံစမ်းသင့်ပြီး တတ်ကျွမ်းသည့် ပညာရှင်များဖြင့် ပြသကာ စစ်ဆေးသင့်ပါသည်။

ဖိအားပေးခြင်းနှင့် ဗန်းပြ ထွင်လုံးများ

သင်ဝယ်ယူလိုသည့်ကားအား အမှန်တကယ် စိတ်တိုင်းကျမှုရှိမှသာ ဝယ်ယူသင့်ပါသည်။ ရောင်းသူ တချို့မှာ ဝယ်သူအား ချက်ချင်း ဆုံးဖြတ်ချက်ကာ ဝယ်ယူရန် ဖိအားပေးတတ်ကြသည်။ ထိုသို့ ဖိအားပေးမှုများကို ရှောင်ရှား၍ မိမိ စိတ်တိုင်းကျ အချိန်ယူ ကြည့်ရှု ဆုံးဖြတ်သင့်ပါသည်။

အချို့သော ကားရောင်းသူများမှာ လူအများ ပိုစိတ်ဝင်စားစေရန် ဈေးနှုန်းအား လျှော့ချ၍ ကြော်ငြာတတ်ပြီး ဝယ်ယူလိုသူမှ မေးမြန်းသောအခါ ဈေးမှား၍ ကြော်ငြာမိခြင်းဖြစ်ကြောင်း ပြောတတ်ကြသည်။ အချို့ကတော့ ထိုကြော်ငြာထားသော ဈေးနည်းသည့် ကားမှာ ရောင်းထွက်သွားပြီဖြစ်ကြောင်းနှင့် ဆင်တူကားအမျိုးအစားများကို ပိုများသော ဈေးဖြင့် ဝယ်ယူလိုသူအား ရောင်းတတ်ကြပြန်သည်။

4703423525_3f35ddbb56(photo: flickr)

အားလုံး အပြီးအစီး ဈေးလား

မိမိဝယ်ယူမည့်ကားအား ပေးရမည့် ဈေးနှုန်းအပြင် အခြား မည်သို့သော ကိစ္စများအတွက် ပိုက်ဆံထပ်ပေးရမည်ကို ရှင်းရှင်းလင်းလင်း မေးမြန်းသင့်သည်။ ဥပမာ မိမိဝယ်ယူမည့် ကားဈေးသည် ဆိပ်ကမ်းအရောက်ဆိုပါက ဆိပ်ကမ်းမှ ထုတ်ယူခွင့် စသည့် အခြား မည်သည့် နေရာများတွင် ထပ်မံကုန်ကျမည်ကို သိရှိရန်လိုအပ်ပါသည်။ ပြည်တွင်းမှ ဝယ်ယူမည့် ကားများအတွက်လည်း အခြား စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခ စသည်ဖြင့် အပိုထပ်မံ ပေးရန်လိုမလိုအား တိတိကျကျ မေးမြန်းသင့်ပါသည်။

အဖြူအမဲ သည်းကွဲပါစေ

နောက်ထပ် အရေးကြီးသော အချက်မှာ ကားရောင်းသူမှ ပြောကြားချက်များအား သေသေချာချာ ရေးမှတ်ထားသင့်ပါသည်။ ထိုသို့ အဖြူအမဲ သည်းကွဲအောင် တိတိကျကျ မှတ်သားထားမှသာ အကြောင်းတစ်ခုခုကြောင့် လွဲမှားမှုများ ရှိလာပါက ရှင်းလင်းနိုင်မည်ဖြစ်သည်။ စာချုပ်စာတမ်းများအား လက်မှတ်မထိုးမှီ သေချာဖတ်ရှုပြီး မရှင်းလင်းသည်များရှိပါက သေချာအောင် မေးမြန်းသင့်ပါသည်။ နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြသနာများ၊

ခေါင်းခဲစရာများအား ရှောင်ရှားနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက်လုံး သေချာသဘောတူညီမှု ရယူပြီးမှသာ စာချုပ်စာတမ်းများတွင် လက်မှတ်ထိုးသင့်ပါသည်။

3469305764_3e732b4ca8

(photo: flickr)

အထက်ပါ အချက်များအပြင် အခြား အရေးကြီးသော သတိထားဖွယ်ရာများလည်း ရှိနိုင်ပါသေးသည်။ ထို့အတွက် သင်တို့အနေဖြင့် အခြား အရေးကြီးသည်ထင်သော အချက်များ ရှိပါကလည်း အောက်တွင် မှတ်ချက်များရေး၍ အကြံပြုနိုင်ပါသည်။

Author