လာမည့် ဇန်နဝါရီ ၅ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားကို ၂ဝ၁၂ ခုနှစ်၊ ဇွန် ၅ ရက် တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အလုံးစုံ ပြီးစီးခဲ့သည်။ဘုရင့်နောင်လမ်းအတိုင်း တည်ဆောက် ထားသော လေးလမ်းသွားတံတားကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ သမိုင်းဘူတာရုံလမ်းအတိုင်း တည်ဆောက်ထားသော နှစ်လမ်းသွားအပေါ်လွှာ တံတားကို ဒီဇင်ဘာ ၂၄ ရက်တွင် လည်းကောင်း စမ်းသပ် မောင်းနှင်ခွင့်များ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ FMI Group မှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်မှ တာဝန်ရှိ ပုဂ္ဂိုလ်များကဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ မြို့တော်စည်ပင်နှင့် FMI Group တို့ ပူးပေါင်းဆောက်လုပ်သော ဘုရင့်နောင်တံတားမှာ နှစ်ထပ် RC ကွန်ကရစ်တံတားဖြစ်ပြီး ပထမအလွှာ နှစ်လမ်းသွားတံတား မှာ ၂,၄၁၄ ပေ ရှည်လျားကာ ၃၂ ပေ ၁ဝ လက်မ ကျယ်ဝန်းကြောင်း၊ ဒုတိယအလွှာ လေးလမ်းသွားတံ တားမှာ ၁,၄၂၇ ပေ ရှည်လျားကာ ၅၇ ပေ ကိုးလက်မ ကျယ်ဝန်းကြောင်း သိရသည်။ ခံနိုင်ဝန်အနေဖြင့် ပထမအလွှာတံတားမှာ တန်ခြောက်ဆယ်နှင့် ဒုတိယအလွှာ တံတားမှာ ၇၅ တန်ရှိပြီး တည်ဆောက်မှု ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ၂၁ ဒသမ ၇၄၇ ဘီလျံ ကုန်ကျခဲ့ ကြောင်းသိရသည်။
Ref: Automobile