UNECE Regulation no. 22 ( Safety Helmet) အကောင်အထည်ဖော်ရေးဆွေးနွေးပွဲကျင်းပ

0

Full article

အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြုရေးနှင့် ပြည်သူများ နားလည်လက်ခံပြီး အသုံးပြုစေရေးအတွက် ရည်ရွယ်သည့် UNECE Regulation no. 22 ( Safety Helmet) အကောင်အထည်ဖော်ရေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာ၌ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုနှင့် သေဆုံးမှုမှာ ယာဉ်မတော်တဆမှုစုစုပေါင်းနှင့် သေဆုံးမှုများ၏ ထက်ဝက်ခန့်ရှိနေပြီး မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှုကို လျှော့ချကာကွယ်နိုင်ရေးအတွက် မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများအတွက် တစ်ခုတည်းသော အကာအကွယ်ဖြစ်သည့် မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို အသုံးပြုရာတွင် အရည်အသွေးပြည့်မီသော အသက်အန္တရာယ်ကာကွယ်ပေးနိုင်သည့် အရဉ်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြုကြစေရေးနှင့် ပြည်သူများ နားလည်လက်ခံပြီး အသုံးပြုကြစေရန်ရည်ရွယ်ပြီးဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်မှ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးဒဏ်ရာရနှုန်းများလျော့နည်းကျဆင်းစေရေးရည်မှန်းချက်၊ အချိန်တိုအတွင်း ဦးစီးပေးအကောင်အထည်ဖော်ရမည့် အစီအမံ (၅) ရပ်၊ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီးမောင်းနှင်မှုထက် ဦးထုပ်မဆောင်းပဲမောင်းနှင်မှုကြောင့်သေဆုံးဒဏ်ရာရနှုန်းများ၊ UNECE Regulation no. 22 ( Safety Helmet) လက်တွေ့ကျင့်သုံးရာတွင် အဓိက အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည့် အစိုးရဌာန အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများ၊ ပြည်သူများမှ မဖြစ်မနေလိုက်နာ ဆောင်ရွက်သွားကြရမည့် ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှုများ စသည်တို့ကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


UNECE Regulation no. 22 ( Safety Helmet) အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသိရသည်။

Author