ထရပ် နှင့် ဘတ်(စ်) ကားများ အကောက်ခွန်နှုန်းထားများ အောက်တိုဘာ ၁ မှစ၍ တိုးမြှင့်မည်

0

Full article

Photo Credit

ထရပ် နှင့် ဘတ်(စ်) ကားများ၏ အခွန်နှုန်းထားများကို အောက်တိုဘာ ၁ တွင် မြှင့်တင်သွားမည် ဖြစ်ပြီး ၎င်းတို့၏ CIF တန်ဖိုးအလိုက် ၅ သိန်းမှ သိန်း ၁ဝဝ အထိ အခွန်ကျသင့်သွားမည်ဖြစ်ကြောင်း ပြည်ပနိုင်ငံမှ မော်တော် ယာဉ်တင်သွင်းသူများက ခန့်မှန်းတွက်ချက်ထားကြကြောင်းသိရသည်။

"အကောက်ခွန်နှုန်းထားက ၃ ရာခိုင်နှုန်း ကနေ ၁ဝ ရာခိုင်နှုန်း တက်သွားမှာဆိုတော့ ၇ ရာခိုင်နှုန်း ပိုပြီးများလာမယ်။ CIF တန်ဖိုး အလိုက် ဈေးတွေကလည်း ၅ သိန်း ကနေ သိန်း ၁ဝဝ လောက်အထိ အခွန်ကျနိုင်တယ်။ အခွန်နှုန်းထား ကောက်တာကို လုပ်ငန်းရှင်တွေ အဆင်ပြေအောင် အနည်းငယ်ဖြေလျှော့ပေးဖို့ လိုသလို သင်္ဘောတင်ထားတဲ့ ကားတွေ အချိန်ရအောင် အချိန်တစ်ခုအထိ နောက်ဆုတ်ပေးပြီး ကြိုပြီး ကြေငြာပေးသင့်ပါတယ်။"ဟု လုပ်ငန်းသုံး ယန္တရားကြီးများတင်သွင်းရောင်းချနေသူ ဦးနိုင်စိုးကပြောပါတယ်။

ပြည်ပက တင်သွင်းသည့် ကုန်ပစ္စည်းများတွင် မော်တော်ယာဉ်နှင့် ပက်သက်သည့် လုပ်ငန်းသုံးကားများနှင့် ၁ဝ ယောက်စီးအထက် ဘတ်(စ်)ကားများ ကို အကောက်ခွန် ၃ ရာခိုင်နှုန်း အစား ၁ဝ ရာခိုင်နှုန်း၊ လျှပ်စစ်ကား များကို ၁ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုသို့ အကောက်ခွန်နှူန်းထားများ ပြောင်းလဲ ကောက်ခံရာတွင် လုပ်ငန်းသုံး Hijet ကားများမှာ ၅သိန်း ဝန်းကျင်၊ ၆ ဘီး ထရပ်ကားများမှာ ၁၂သိန်း ဝန်းကျင်၊ ၁၂ ဘီး ထရပ်ကားများမှာ သိန်း ၃ဝ ဝန်းကျင် နှင့် Brand New ထရပ်ကားများမှာ ၂၅ သိန်းဝန်းကျင် နှင့် CIF တန်ဖိုးများပြားစွာ ပေးဆောင်ရသည့် ယန္တရား ကားကြီးများမှာ သိန်း ၃ဝ မှ သိန်း ၁ဝဝ ဝန်းကျင် အခွန်များ ပိုမိုပေးဆောင် လာရနိုင်ကြောင်း သိရပါတယ်။

ခေတ်သစ်

Author