လိုင်စင်မဲ့ တင်သွင်းထားသည့် သုံးဘီးဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များကို စီမံချက်ဖြင့် ယာဉ်မှတ်ပုံတင် လုပ်ဆောင်ပေးမည်

0

Full article

လိုင်စင်မဲ့ အဖြစ်တင်သွင်းထားသည့် သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များကို one stop services စီမံချက်ဖြင့် ယာဉ်မှတ်ပုံတင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ယနေ့ (၂၂.၁ဝ.၂ဝ၁၈) အသိပေး သတင်းထုတ်ပြန်ထားရှိသည်။

အဆိုပါ တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များ ကို စီမံချက်ကာလ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးစိုက်ရာ ၄၉ ရုံးတွင် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် ပေးဆောင်ရမည့် အကောက်ခွန်နှုန်းထားများ၊ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှကောက်ခံမည့်မှတ်ပုံတင်နှုန်းထားများ၊မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင်ပေးသွင်းရမည့်နှုန်းထားများကို မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမည်ရုံးများတွင် အသိပေးကြေငြာ ထားမည်ဖြစ်ပါသည်။

"လိုင်စင်မဲ့ သွင်းလာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ လျှပ်စစ်ဆိုင်ကယ်တွေကို ဒုစရိုက်မှုတွေမဖြစ်ပွားဖို့အတွက် နိုင်ဝင်ဘာ ၁ ရက်ကစပြီး သက်ဆိုင်တဲ့ရုံးတွေမှာ စီမံချက်နဲ့ ယာဉ်မှတ်ပုံတင်လုပ်ပေးမှာပါ။ အခွန်အခတွေကတော့ ယာဉ်မှတ်တင်လုပ်မယ့်ရုံးတွေမှာ အသိပေးထားပါမယ့်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ် လျှပ်စစ်ဆိုင်ကယ်များကို မှတ်ပုံတင်လုပ်ပေးရာတွင် ၂ဝဝ၈ မိုဒယ်နှင့်အထက် ဆိုင်ကယ်များကိုသာ လုပ်ဆောင်ပေးမည်ဖြစ်ရာ အိုဟောင်းဆိုင်ကယ်များ ဘေးတွဲပါ ဆိုင်ကယ်များ မှတ်ပုံတင်သက်တမ်း ၅ နှစ်ကျော်ပျက်ကွက်နေသော ဆိုင်ကယ်များကို လုပ်ဆောင်ပေးမှာမဟုတ်ကြောင်း အသိပေးကြေငြာထားရှိပါသည်။

Regulation

Author