ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားမည်ဟုဆို

0

Full article

မြန်မာနိုင်ငံတွင် ယာဉ်အစီးရေများပြားလာခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန် (SEZ) ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နေ့စဉ်သွားလာနေသောယာဉ်အစီးရေ သိန်းနှင့်ချီမည်ဟု ခန့်မှန်းထားသောကြောင့်၊ ရန်ကုန်နှင့်သန်လျင်ကိုကူးသန်းမည့် တံတားအသစ်တစ်စင်း တည်ဆောက်ရန်လိုအပ်လာသည့်အတွက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို JICA ၏ အကူအညီဖြင့်တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ သန်လျင်တံတားအမှတ် (၃) သည် သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် Landmark တံတားဖြစ်သည့်အတွက် တံတားပုံစံလှပစေရေး၊ တံတားအဝင်/အထွက်လမ်းကြောင်းများ လှပအဆင်ပြေရေးတို့ကိုပါ ထည့်သွင်းညှိနှိုင်းဆွေးနွေးထားပါကြောင်း၊ တံတားအရှည်မှာ ၃,၅၀၀ မီတာရှည်လျားမည်ဖြစ်ပြီး ပင်မတံတားကို Cable Stayed Bridge ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သန်လျင်တံတားအမှတ် (၃) ကို Cable Stayed Bridge ၊ Steel Box Girder + PC Box Girder Bridge နှင့် Flyover Bridge ပုံစံတို့ဖြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တံတားအဆင်းချဉ်းကပ်လမ်းသည် ရှုခင်းသာလမ်းမနှင့် ရတနာလမ်းမကြီးတို့ကိုဖြတ်ကျော်ပြီး သာကေတအဝိုင်းအနီးတွင် သွားဆုံမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရာတွင် ပင်မတံတားပိုင်းနှင့် ချဉ်းကပ်တံတားပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီးတင်ဒါခေါ်ယူခဲ့ရာ သန်လျင်ဘက်အခြမ်း ချဉ်းကပ်လမ်းနှင့် ပင်မတံတားပိုင်းကို Sumitomo Mitsui Construction Co.,Ltd. နှင့် Yokogawa Bridge Corporation တို့မှ တင်ဒါအောင်မြင်ခဲ့ပြီး သာကေတဘက်အခြမ်း ချဉ်းကပ်လမ်းကို Tokyu Construction Co.,Ltd. မှ တင်ဒါအောင်မြင်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၉ ဘဏ္ဍာနှစ်တွင်စတင်ခဲ့ပြီး ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများကို စတင်နေပြီဖြစ်ကာ ဆောက်လုပ်ရေးဒုတိယဝန်ကြီးဦးကျော်လင်းမှ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပထမနေ့တွင် ပြောကြားခဲ့သည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) အတွက် အမေရိကန်ဒေါ်လာ ၂၈၉ သန်းခန့် ကုန်ကျမည်ဟု မျှော်မှန်းထားပြီး လတ်တလောတွင် JICA မှချေးငွေ ၂၈၂ ဒသမ ၅၄၀ သန်းရယူထားပြီးဖြစ်ကာ လိုအပ်သောငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စိုက်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Reporter: Zing

Author

Comments