ရန်ကုန်- ဒလတံတား တည်ဆောက်ဆဲကာလတွင် YBS ယာဉ်လိုင်းအချို့ ယာဉ်လမ်းကြောင်းပြောင်းပြေးဆွဲသွားရန် စီစဉ်ထားဟုဆို

0

Full article

မြန်မာ- ကိုရီးယား ချစ်ကြည်ရေးတံတား (ရန်ကုန်- ဒလတံတား) စတင်ဆောက်လုပ်ပါက ရန်ကုန်ဘက်ခြမ်းတွင် ဘုန်းကြီးလမ်းအား တည်ဆောက်ရေးကာလ၌ ပိတ်ထားမည်ဖြစ်သောကြောင့် ထိုနေရာတွင်ပြေးဆွဲသည့် YBS ယာဉ်လိုင်းအချို့ကို လမ်းကြောင်းလွှဲပြေးဆွဲသွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

မြန်မာ- ကိုရီးယား ချစ်ကြည်ရေးတံတား (ရန်ကုန်- ဒလတံတား) တည်ဆောက်ရေးကို ဩဂုတ်လတွင် စတင်သွားမည်ဖြစ်ပြီး ရန်ကုန်ဘက်ခြမ်းတံတားအခြေသည် ဘုန်းကြီးလမ်း၊ စံပြရုပ်ရှင်ရုံနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် တည်ရှိမည်ဖြစ်သည်။ ပထမအဆင့်တည်ဆောက်ရေးလုပ်ငန်းများကို ဩဂုတ်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြားရှိ ဘုန်းကြီးလမ်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာရန် လမ်းကြောင်းချန်ကာ ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာဉ်များ၏လုံခြုံရေးနှင့် ပြည်သူများ၏လုံခြုံရေးအတွက် YBS ယာဉ်များဖြတ်သန်းပြေးဆွဲခြင်းမပြုရန် တားမြစ်ညွှန်ကြားထားသည်။ ထို့ကြောင့် YRTA အနေဖြင့် တံတားတည်ဆောက်မှုကာလ စတင်ချိန်မှစပြီး အဆိုပါနေရာများတွင်ပြေးဆွဲနေသော YBS ယာဉ်လိုင်းအချို့ကို လမ်းကြောင်းပြောင်းကာ ပြေးဆွဲသွားစေမည်ဖြစ်သည်။ လမ်းကြောင်းပြောင်းပြေးဆွဲသွားရမည့်ယာဉ်လိုင်းများမှာ YBS Airport ၊ YBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၇၈ တို့ဖြစ်ကြောင်းသိရသည်။ အထက်ပါယာဉ်လိုင်းများ ပြောင်းလဲပြေးဆွဲသွားမည့် လမ်းကြောင်းများနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့်ဇူလိုင်လ ၁၀ ရက်နေ့က YRTA ရုံးချုပ်တွင်ကျင်းပကာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြထားကြောင်း၊ မကြာမီ ပြောင်းလဲပြေးဆွဲသွားမည့်လမ်းကြောင်းများကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း YRTA ၏ တွဲဖက်အတွင်းရေးမှူးဦးလှအောင်ထံမှ သိရသည်။

မြန်မာ- ကိုရီးယား ချစ်ကြည်ရေးတံတား (ရန်ကုန်- ဒလတံတား) သည် ရန်ကုန်ဘက်ခြမ်းတွင် ဘုန်းကြီးလမ်းနှင့် ဒလဘက်ခြမ်းတွင် ဗိုလ်မင်းရောင်လမ်းတို့ကို ချိတ်ဆက်တည်ဆောက်သွားမည်ဖြစ်ပြီး လေးလမ်းသွားတံတားအမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။

Reporter: Zing

Author